ငွေကြေးလိမ်လည်မှု၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေမှာ စစ်ကောင်စီပါဝင်ပတ်သက်မှု NUG ရှုတ်ချ
နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုခင်းတွေနဲ့ ငွေကြေးလိမ်လည်မှုတွေကို အဓိကဆောင်ရွက်ကျူးလွန်သူအဖြစ် အာဏာသိမ်းစစ်တပ်ကို ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၇ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
-
RFA Burmese
2023-10-17 -
-
-
နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုခင်းတွေနဲ့ ငွေကြေးလိမ်လည်မှုတွေကို အဓိကဆောင်ရွက်ကျူးလွန်သူအဖြစ် အာဏာသိမ်းစစ်တပ်ကို ရှုတ်ချကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၇ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
စစ်တပ်ကရရှိထားတဲ့ တရားမဝင်ငွေကြေးစီးဆင်းမှုတွေကို ဖော်ထုတ်ရေးနဲ့ ဖြတ်တောက်ရေးတွေ ဆောင်ရွက်ရာမှာ NUG အနေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။
စစ်ကောင်စီဟာ အွန်လိုင်းငွေလိမ် ရာဇဝတ်မှုလုပ်ငန်းမှာ ပါဝင်ပတ်သက်နေပြီး အဲဒီကလုပ်ငန်းဟာ အကြီးဆုံး ငွေဝင်လမ်းတွေထဲက တစ်ခုဖြစ်တဲ့အတွက် စစ်ကောင်စီက ဒီလုပ်ငန်းတွေကိုမဖြိုခွဲတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်တွေက ရာဇဝတ်မှုလုပ်ငန်းတွေကို ကျူးလွန်နေတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
NUG ထုတ်ပြန်ချက်မှာပါဝင်တဲ့ အချက်အလက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ ဖုန်းလက်ခံမဖြေကြားပါဘူး။
ဒီပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် NUG က ဖွဲ့စည်းထားတဲ့ ရဲတပ်ဖွဲ့နဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီး တွေက ကြားကာလကော်မတီတွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေလက်အောက်ရှိ ရဲတပ်ဖွဲ့တွေကိုလည်း စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်ရေးအတွက် နိုင်ငံတကာအနေနဲ့ ပူပေါင်းဆောင်ရွက်ပေးဖို့ ဖိတ်ခေါ်ကြောင်းလည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။