စစ်သင်တန်းသားသစ်တင်လာတဲ့ ယာဉ်တန်းကို PDF တပ်ဖွဲ့တွေ ဝိုင်းတိုက်

တိုက်ပွဲအတွင်း ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီဘက်က အယောက် ၂ဝ သေဆုံးသွားတယ်လို့ NUG ကာကွယ်ရေးဌာနက ပြောပါတယ်။

စစ်ကိုင်းတိုင်း မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်သင်တန်းသားသစ်များအား တင်ဆောင်လာသည့် ယာဉ်တန်းအား တိုက်ခိုက်အပြီး မြင်ကွင်းတစ်ခုအား ၂ဝ၂၄ ခုနှစ် ဧပြီလ ၁၄ ရက်နေ့က NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားစဉ်။ Photo: Ministry of Defence - NUG

စစ်ကိုင်းတိုင်း မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ စစ်သင်တန်းသားသစ်တွေတင်ခေါ်လာတဲ့ ယာဉ်တန်းကို ဒေသခံကာကွယ်ရေးတပ်တွေ ဝိုင်းတိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဧပြီလ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

၁၂ ဘီးကား ငါးစီး၊ ခရီးသည်တင်ကားတစ်စီးပေါ်မှာ သင်တန်းသားသစ်အယောက် ၂၅ဝ လောက်နဲ့ စစ်လက်နက်ပစ္စည်းတွေ သယ်ဆောင်လာချိန် မုံရွာနဲ့ မိတ္ထီလာအခြေစိုက် PDF တပ်တွေဝိုင်းတိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း ဗိုလ်ကြီးတစ်ဦးအပါအဝင် စစ်ကောင်စီဘက်က အယောက် ၂ဝ သေဆုံးသွားတယ်လို့ NUG ကာကွယ်ရေးဌာနက ပြောပါတယ်။

စစ်ကောင်စီဘက်ကပဲ ထိခိုက်ဒဏ်ရာရတဲ့သူ ၁၅ ဦးနဲ့ စစ်သုံ့ပန်းအဖြစ် ၄၉ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီယာဉ်တန်းဟာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ထောက်ပို့တပ်(၉၂၉) ကနေ အရာတော် အမှတ် (၁ဝ) စစ်ရေးလေ့ကျင့်ရေးတပ်ကို သင်တန်းသားသစ်တွေပို့ဖို့ ထွက်လာတာဖြစ်ပါတယ်။

ယာဉ်ပေါ်မှာပါတဲ့ လက်နက်ခဲယမ်းမီးကျောက်တွေ၊ စစ်အသုံးအဆောင်ပစ္စည်းတွေကိုလည်း သိမ်းဆည်းလိုက်တယ်လို့ NUG က ဆိုပါတယ်။ စစ်ကောင်စီဘက်ကိုတော့ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ မေးမြန်းလို့မရသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org