မိသားစုထံလွှဲငွေ ဖိအားပေးပို့ခိုင်းတဲ့ အေဂျင်စီတွေကို အရေးယူမယ်လို့ NUG ပြော
ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ဖိအားပေးအကျပ်ကိုင်ပြီး စစ်ကောင်စီရဲ့ ညွန့်ကြားချက်အတိုင်း မိသားစုထံ လွှဲငွေပို့ခိုင်းနေတဲ့ အေဂျင်စီတွေနဲ့ ပုဂ္ဂလိက အကျိုးဆောင်တွေကို အရေးယူသွားမယ်လို့ NUG က ပြောလိုက်ပါတယ်။
- 2024-09-20
-
-
-
ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ဖိအားပေးအကျပ်ကိုင်ပြီး စစ်ကောင်စီရဲ့ ညွန့်ကြားချက်အတိုင်း မိသားစုထံ လွှဲငွေပို့ခိုင်းနေတဲ့ အေဂျင်စီတွေနဲ့ ပုဂ္ဂလိက အကျိုးဆောင်တွေကို အရေးယူသွားမယ်လို့ NUG က စက်တင်ဘာ ၂၀ ရက်နေ့မှာ ပြောလိုက်ပါတယ်။
စစ်ကောင်စီက ပြည်ပရောက် မြန်မာနိုင်ငံသားတွေကို နည်းလမ်းမျိုးစုံနဲ့ လူ့အခွင့်အရေး၊ အလုပ်သမား အခွင့်အရေးနဲ့ နိုင်ငံသား အခွင့်အရေး ချိုးဖောက်နေတာကို အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) အပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့လည်း ထိရောက်စွာ အရေးယူဖို့ NUG က တောင်းဆိုလိုက်ပါတယ်။
စစ်ကောင်စီဟာ နိုင်ငံခြားငွေ ဖြည့်ဆည်းရေးအတွက် ပြည်ပရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ဝင်ငွေထဲက အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မိသားစုထံ လွှဲပို့ငွေအဖြစ် လစဥ် ဒါမှမဟုတ် သုံးလတစ်ကြိမ် သူတို့ သတ်မှတ်ထားတဲ့ဘဏ်နဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေကနေ ပြည်တွင်းကိုပေးဖို့ သြဂုတ် ၂၈ ရက်နေ့မှာ ထုတ်ပြန်ထားတာပါ။
ပြည်ပရောက် မြန်မာလုပ်သားတွေကို လစာဝင်ငွေ လွှဲပို့တဲ့အထောက်အထား မပြနိုင်ရင် စစ်ကောင်စီက နိုင်ငံကူးလက်မှတ် သက်တမ်တိုးမပေးဘူးလို့ ကြေညာထားသလို လက်တွေ့လည်း လုပ်ဆောင်နေပြီး ဒါဟာ ဥပဒေနဲ့မကိုက်ညီဘဲ အခြေခံနိုင်ငံသား အခွင့်အရေးကိုလည်း ချိုးဖောက်တာလို့ NUG က ပြောပါတယ်။
၁၉၉၉ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေရဲ့ “အေဂျင်စီများနှင့် အလုပ်သမားများ၏တာဝန်များ” မှာ ဒီအချက်တွေကို ထည့်သွင်းထားတာ မရှိဘူးလို့ ထောက်ပြပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ လိုင်စင်ရ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေကိုလည်း သူတို့စေလွှတ်ခဲ့တဲ့ အလုပ်သမားတွေက မိသားစုထံ ပေးပို့တဲ့လွှဲငွေကို စာရွက်စာတမ်း အထောက်အထားနဲ့အတူ အလုပ်သမား ဝန်ကြီးဌာနကို လစဥ်ပေးပို့ဖို့ ပြောထားပါတယ်။
အထောက်အထား မတင်ပြနိုင်တဲ့ အေဂျင်စီ ၁၃၅ ခုကိုလည်း စေလွှတ်ရေးလုပ်ငန်းစဥ်တွေကို စစ်ကောင်စီက ပိတ်ပင်အရေးယူထားတယ်လို့ NUG က ကြေညာချက် ထုတ်ပြန်ပြောထားပါတယ်။
NUG ဘက်ကတော့ စစ်ကောင်စီရဲ့ ညွန်ကြားချက်ကို လိုက်နာတဲ့ အေဂျင်စီတွေနဲ့ အဖွဲ့အစည်းတွေကို အရေးယူမယ်လို့ ပြောလိုက်ပြီး ဘယ်လိုပုံစံ လုပ်ဆောင်မယ်ဆိုတာကိုတော့ ထည့်သွင်းပြောထားတာ မရှိပါဘူး။