လုံခြုံမှုမရှိလို့ အင်းတော်က NUG စာသင်ကျောင်း ကိုးကျောင်း ပိတ်ထားရ

RFA Burmese
2023.09.19
လုံခြုံမှုမရှိလို့ အင်းတော်က NUG စာသင်ကျောင်း ကိုးကျောင်း ပိတ်ထားရ အင်းတော်မြို့နယ် အောင်းကုန်းကျေးရွာရှိ မီးရှို့ခံရသည့် နေအိမ်များအား ၂၀၂၃ ခုနှစ် မေလ ၇ ရက်နေ့က တွေ့ ရစဉ်။
Indaw Revolution-IR

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) လက်အောက်ခံ စာသင်ကျောင်း ကိုးကျောင်းကို စက်တင်ဘာလ ၁၆ ရက်ကစလို့ ယာယီပိတ်ထားရတယ်လို့  ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်မ (၇၇) က တပ်သားတွေဟာ အင်းတော်မြို့ဦးစေတီအနီး တပ်စွဲထားပြီး ကျေးရွာတွေဘက်ကို စစ်ကြောင်းထိုးတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလုပ်နေတာလို့ ဒေသခံတွေက ပြောပါ တယ်။

ဒါကြောင့် နတ်မဟုတ်ကလေး၊ နတ်မဟုတ်ကြီး၊ မဲဇာ၊ မော်တိတ်၊ နန့်သာ၊ အောင်းကုန်း၊ နားနောင်၊ ကျော်ရွာ၊ မိုးယူ စတဲ့ ရွာတွေက စာသင်ကျောင်းတွေ ပိတ်ထားရတာပါ။

ဒီကနေ့ မနက်လည်း နဘားရွာဘက်ကို လက်နက်ကြီးပစ်ခတ်ခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ဒီနေ့မနက်ပိုင်းကလည်း လေး၊ ငါးချက်ကြားမိတယ်။ ရွာသူ ရွာသားတွေကတော့ တောကြို၊ အုံကြား တဲလေး ဘာလေးတွေ၊ အိမ်အောက်တွေမှာ တူးပြီးနေကြရတာပေါ့ဗျာ။ ညဘက်ဆိုရင်လည်း ၁၂ နာရီ၊ ၁ နာရီထိကို ဒရုန်းတွေနဲ့ ပတ်လို့ ကြည့်နေတယ်ဆိုတော့ အခုလက်နက်ကြီးထုခံရတဲ့ ရွာတွေက ကျောင်းတွေ အကုန်ပိတ်ထားရတယ်”

နဘားရွာကတော့ အင်းတော်မြို့နဲ့ နီးကပ်နေတာကြောင့် အရင်ကတည်းက ကျောင်းမဖွင့်နိုင်တဲ့ရွာလို့ သူက ပြောပါတယ်။

တပ်မ (၇၇) ရဲ့ တပ်သား ၃၀ နီးပါးဟာ စက်တင်ဘာ ၉ ရက်၊ မနက် ၈ နာရီဝန်းကျင်က လည်း နတ်မဟုတ်ကလေး ရွာက NUG စာသင်ကျောင်းကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။

ကျောင်းသူ ကျောင်းသားတွေ၊ ဆရာ ဆရာမတွေ နဲ့ ဒေသခံတွေ ကြိုတင်တိမ်းရှောင်နိုင် ခဲ့တာကြောင့် ဖမ်းဆီးခံရတာမရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စာသင်ကျောင်းတွေကို တိုက်ခိုက်တာနဲ့ပတ်သက်လို့ စစ်ကောင်စီ စစ်ကိုင်းတိုင်း ပြောခွင့်ရသူ သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းကို RFA က ဒီနေ့ ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

လက်ရှိပိတ်ထားတဲ့ စာသင်ကျောင်းတွေမှာ တက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းသူ၊ ကျောင်းသား အရေအတွက်ကို သိရဖို့ NUG ပညာရေးဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်း ထားပေမယ့် အကြောင်းမပြန်သေးပါဘူး။

နိုင်ငံတစ်ဝန်းမှာ NUG က စာသင်ကျောင်း ၅၀၀၀ ကျော်ဖွင့်လှစ်ထားပြီး အဲ့ဒီကျောင်းတွေ မှာ ကျောင်းသူ၊ ကျောင်းသား ခုနစ်သိန်းခွဲ (၇၅၀,၀၀၀) ကျော်နဲ့ ဆရာ၊ ဆရာမ ခြောက်သောင်း (၆၀,၀၀၀) ကျော် ရှိတယ်လို့ ၂၀၂၃ ခုနှစ် မေလ ၃ ရက်က ထုတ်ပြန်ခဲ့တဲ့ NUG နှစ်နှစ်ပြည့် အစီရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။