သြဂုတ်လအတွင်း စစ်ကောင်စီဘက်က လူ ၅၈၀ သေဆုံးကြောင်း NUG ထုတ်ပြန်
သြဂုတ်လ တစ်လအတွင်း မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမှာ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ ပဋိပက္ခဖြစ်စဉ်ပေါင်း ၄၄၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အဲဒီဖြစ်စဉ်တွေကြောင့် စစ်ကောင်စီ ဘက်က ၅၈၀ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလ ၆ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
- 2021-09-06
-
-
-
သြဂုတ်လ တစ်လအတွင်း မြန်မာနိုင်ငံ တစ်ဝှမ်းလုံးမှာ လက်နက်ကိုင်တိုက်ပွဲတွေနဲ့ ပဋိပက္ခဖြစ်စဉ်ပေါင်း ၄၄၃ ကြိမ် ဖြစ်ပွားခဲ့ပြီး အဲဒီဖြစ်စဉ်တွေကြောင့် စစ်ကောင်စီဘက်က ၅၈၀ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသား ညီ ညွတ်ရေးအစိုးရရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလ ၆ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဘက်က ၅၈၀ ဦး သေဆုံးခဲ့တဲ့အပြင် ဒဏ်ရာရသူ ၁၈၉ ဦးရှိခဲ့ပြီး အရပ်သား ပြည်သူတွေဘက်က သေဆုံးသူ ၇၃ ဦးနဲ့ ဒဏ်ရာရသူ ၄၅ ဦးရှိတယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
သြဂုတ်လအတွင်းမှာ စစ်ကောင်စီတပ်တွေက အရပ်သားတွေကို အကြမ်းဖက်တဲ့ဖြစ်စဉ် ၁၂၉ ခု၊ စစ်ကောင်စီ ရဲ့ လက်ပါးစေတွေ လုပ်ကြံခံရမှုက ၇၄ ခု၊ လက်နက်ကိုင်တိုက်ပွဲ ၈၁ ခု၊ လက်နက်ကိုင်ခုခံမှု ၅၇ ခု၊ ပေါက်ကွဲ မှု ၉၄ ခုနဲ့ စစ်ကောင်စီတပ်သားတွေ အချင်းချင်း ပစ်ခတ်တာက ၈ ခု ပါဝင်တယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ အမျာဆုံးဖြစ်ပွားခဲ့တာဖြစ်ပြီး ကချင်၊ ရှမ်း၊ ကယား၊ ကရင်နဲ့ ချင်းပြည်နယ်တွေ အပါ အဝင်၊ ရန်ကုန်၊ မန္တလေးနဲ့ မကွေးတိုင်းတို့မှာလည်း အကြိမ်ရေအများအပြား ဖြစ်ပွားခဲ့တာပါ။
စစ်ကိုင်းတိုင်းထဲက ရွှေဘို၊ တန့်ဆည်၊ ရေဦး၊ ခင်ဦး၊ ယင်းမာပင်၊ ကနီ၊ မုံရွာ၊ ပုလဲ အစရှိတဲ့ မြို့နယ်တွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အင်အားအများအပြားနဲ့ ဆန္ဒပြခဲ့တဲ့ ဒေသတွေဖြစ်ပါတယ်။ ဆန္ဒပြတဲ့ ပြည်သူ တွေကို စစ်ကောင်စီက ပစ်ခတ်ဖြိုခွဲခဲ့တဲ့နောက်ပိုင်းမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်တွေဖွဲ့ထားပြီး ရရာလက်နက်နဲ့ စစ်ကောင်စီကို ပြန်တော်လှန်ခဲ့တာကြောင့် နှစ်ဘက်ပဋိက္ခတွေ အများဆုံးဖြစ်ပွားခဲ့တာလို့ ဒေသခံတွေက ပြောကြပါတယ်။
ကချင်၊ ကယား၊ ကရင်၊ ချင်းနဲ့ ရှမ်းပြည်နယ်တို့မှာတော့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေအပြင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ပါ စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေအပြင်၊ ပြောက်ကျားစနစ်နဲ့ တိုက်တဲ့တိုက်ပွဲတွေကြောင့် စစ်ကောင်စီဘက်က အထိနာခဲ့တယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အခုထုတ်ပြန်တဲ့ အချက်အလက်တွေက ပြည်တွင်းက သတင်းမီဒီယာ ၃၀ ခုရဲ့ တရားဝင်ထုတ်ပြန်ထားတဲ့ သတင်းတွေကို အခြေခံပြုစုထားတာဖြစ်ပြီး မြေပြင် အချက်အလက် တွေအရ အရေအတွက်တွေဟာ အခုဖော်ပြထားတာထက် ပိုမိုများပြားနိုင်တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။