PDF ကို အမေရိကန်ဒေါ်လာ ၁၅ သန်းကျော် ထောက်ပံ့ခဲ့ကြောင်း NUG ထုတ်ပြန်

RFA Burmese
2023.10.04
PDF ကို အမေရိကန်ဒေါ်လာ ၁၅ သန်းကျော် ထောက်ပံ့ခဲ့ကြောင်း NUG ထုတ်ပြန် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရွှေဘိုခရိုင် အမှတ် (၁၄) တပ်ဖွဲ့ဝင်များအား တွေ့ရစဉ်။
Ministry of Defence - National Unity Government of Myanmar

ခုခံတွန်းလှန်စစ်နှစ်နှစ်ကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း၊ တပ်ဖွဲ့တွေကို အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၇ သန်းနီးပါး ထောက်ပံ့ပေးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာလ ၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

PDF တပ်ရင်းနဲ့ စစ်ကြောင်း သုံးရာနီးပါးကို ၁၆ ကြိမ်ခွဲပြီး ထောက်ပံ့ခဲ့တာပါ။ ထောက်ပံ့စရိတ်ရဲ့ ၈၆ ရာခိုင်နှုန်းဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၁၃ သန်းကျော်ဟာ ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (People's Revolution Supply Family-PRF ) အစီအစဉ်ကရရှိတဲ့ ငွေထဲကသုံးစွဲခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်ရှိမှာ ခုခံတွန်းလှန်စစ်ဟာ မဟာဗျူဟာထိုးစစ်ကာလကို ရောက်လာတဲ့အတွက် ဘဏ္ဍာငွေတွေ ဆက်လက်ထောက်ပံ့ကြဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

NUG က ခုခံတွန်းလှန်စစ်ကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၇ ရက်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်နှစ်အတွင်းမှာ စစ်ရေးအရ အောင်မြင်မှုတွေရလာသလို စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်အထိ စစ်ရေးအရ ခြိမ်းခြောက်လာနိုင်ပြီလို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက စက်တင်ဘာလ ၇ ရက် ခုခံတွန်းလှန်စစ် နှစ်နှစ်ပြည့်နေ့မှာ ပြောခဲ့ပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာနကလည်း နေပြည်တော်အပါအဝင် တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ မကွေးတိုင်းတောင်ပိုင်းတွေမှာ စစ်ဆင်ရေး နယ်မြေတွေ တိုးချဲ့နိုင်ခဲ့တယ်လို့ ခုခံတွန်းလှန်စစ် နှစ်နှစ်ပြည့်အစီအရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

နှစ်နှစ်အတွင်း နိုင်ငံတစ်ဝန်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၂၉၃ ရင်း၊ တပ်ရင်းအဖြစ် အသိအမှတ်ပြုဖို့ စိစစ်ဆဲ တပ်ရင်း ၆၈ ရင်းရှိနေပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)တွေကိုလည်း မြို့နယ် ၂၅၀ ကျော်မှာ ဖွဲ့စည်းထားတယ်လို့ အဲ့ဒီအစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။