လူမျိုးရေးခွဲခြားမှုနဲ့ ဖိနှိပ်မှုတွေ ဖယ်ရှားဖို့လိုကြောင်း NUG ယာယီသမ္မတပြော
သဘောထားကြီးမှုကို မဖော်ထုတ်နိုင်ရင် ငြိမ်းချမ်းစည်းလုံးတဲ့ လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။
-
RFA Burmese
2024-02-12 -
-
-
လူမျိုးရေးခွဲခြားမှုနဲ့ လူမျိုးရေးဖိနှိပ်မှု အတွေးအခေါ်၊ အယူအဆတွေကို ဖယ်ရှားပစ်ဖို့လိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်ပါတယ်။
အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့ ပူးပေါင်းကျင်းပတဲ့ ၇၇ နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့ အခမ်းအနားမှာ ဒူဝါလရှီးလက ပြောကြားလိုက်တာပါ။
လူမျိုးရေးခွဲခြားမှုနဲ့ လူမျိုးရေးဖိနှိပ်မှု အတွေးအခေါ်၊ အယူအဆတွေကို ဖယ်ရှားနိုင်မှသာ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ် တည်ဆောက်ရေးဟာ ခိုင်ခိုင်မာမာ ပေါ်ထွက်လာမှာလို့လည်း ပြောပါတယ်။
တန်းတူညီမှုနဲ့ အတူတကွ ငြိမ်းချမ်းစွာ ပေါင်းစည်းနေထိုင်ခြင်း အနှစ်သာရဟာ စစ်အာဏာရှင်အစိုးရ လက်အောက်မှာ ပျက်သုဉ်းခဲ့ရပြီး လူမျိုးရေးခွဲခြားမှုနဲ့ လူမျိုးရေးဖိနှိပ်မှုတွေကို နှစ်ပေါင်းများစွာ ခံစားလာခဲ့ရတဲ့အပြင် လူမျိုးရေးခွဲခြားမှုတွေဟာ ကြီးမားသထက် ကြီးမားလာခဲ့တယ်လို့လည်း ဒူဝါလရှီးလက ပြောပါတယ်။
လူမျိုးပေါင်းစုံ စုစည်းနေထိုင်တဲ့ နိုင်ငံမှာ သဘောထားကြီးမှုကို မဖော်ထုတ်နိုင်ရင် ငြိမ်းချမ်းတဲ့၊ စည်းလုံးတဲ့ လူ့ဘောင်အဖွဲ့အစည်းကို တည်ဆောက်နိုင်မှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။
ဒူဝါလရှီးလ ပြောဆိုချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းဖို့ ဖုန်းဆက်ခဲ့ပေမဲ့ လက်ခံဖြေဆိုခြင်းမရှိပါဘူး။
ပြည်ထောင်စုသစ် တည်ဆောက်ရေးမှာ ပဋိပက္ခအသစ်တွေ ထပ်မံမကြုံတွေ့စေလိုကြောင်းနဲ့ ဗိုလ်ကျစိုးမိုးချင်တဲ့စိတ်၊ နိုင့်ထက်စီးနင်း လုပ်ချင်တဲ့စိတ်၊ ခွဲခြားဆက်ဆံချင်တဲ့စိတ်တွေ ရှိခဲ့ရင် စစ်အာဏာရှင်စရိုက် ချုပ်ငြိမ်းရေးနဲ့အတူ တစ်ပါတည်း ချုပ်ငြိမ်းဖို့လိုကြောင်းလည်း ဒူဝါလရှီးလက ပြောပါတယ်။
NUCC နဲ့ NUG တို့ ပူးပေါင်းကျင်းပတဲ့ ၇၇ နှစ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့ အခမ်းအနားကို ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ကလည်း သဝဏ်လွှာတွေ ပေးပို့ခဲ့ကြပါတယ်။