ယုံကြည်ချက်ကြောင့် ထောင်ချခံရမှုကို တစညီပါတီက မူအရ ဆန့်ကျင်
နှစ်ပေါင်း ၂၀ ကြာပြီးမှ ကျင်းပပြုလုပ်တဲ့ တတိယအကြိမ်မြောက် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီရဲ့ ဗဟိုကော်မတီ စုံညီအစည်းအဝေး မေလ ၁၀ ရက် မနေ့က ပြီးဆုံးသွားပါတယ်။
-
2011-05-11 -
-
-
Your browser doesn’t support HTML5 audio
ဦးသိန်းစိန်အစိုးရအနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကိစ္စကို အကောင်အထည်ဖော်မယ်လို့ တစညပါတီအနေနဲ့ မျှော်လင့်ထားကြောင်းနဲ့ ယုံကြည်ချက်ကြောင့် ထောင်သွင်း အကျဉ်းချခံရနေရမှုကိုလည်း ပါတီရဲ့ မူအရ ဆန့်ကျင်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဟန်ရွှေက ပြောပါတယ်။
နှစ်ရက်တာ ကျင်းပခဲ့တဲ့ ဗဟိုကော်မတီ အစည်းအဝေးကနေ လက်ရှိ နိုင်ငံရေး အခြေအနေနဲ့ ကိုက်ညီတဲ့ ပါတီ ဖွဲ့စည်းပုံအသစ်ကို ဆွေးနွေးခဲ့ကြတယ်လို့ သူက ပြောပါတယ်။
အရင် စစ်အစိုးရလက်ထက်တုန်းက နိုင်ငံရေးပါတီတွေနဲ့ ပတ်သက်လို့ ကန့်သတ် ချုပ်ချယ်မှုတွေကြောင့် ၁၉၉၁ ခုနှစ်မှာ ဗဟိုကော်မတီ အစည်းအဝေးကို နောက်ဆုံးအကြိမ် ကျင်းပခဲ့တာလို့ ဦးဟန်ရွှေက ဆိုပါတယ်။
အစည်းအဝေးကနေ ပါတီခေါင်းဆောင်တွေအဖြစ် ဥက္ကဋ္ဌ ဦးထွန်းရီ ၊ အထွေထွေ အတွင်းရေးမှူး ဦးသန်းတင်နဲ့ တွဲဖက်အတွင်းရေးမှူး ဦးခင်မောင်ကြီးတို့ကို ရွေးချယ်ခဲ့ပြီး ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ၂၅ ဦးနဲ့ ပြန်လည် ဖွဲ့စည်းခဲ့ပါတယ်။
တစညပါတီက ရွေးကောက်ပွဲမှာ လွှတ်တော် သုံးနေရာစလုံး အနိုင်ရခဲ့တဲ့ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ မဲမသမာမှုနဲ့ နိုင်တာဆိုပြီး ကြံခိုင်ဖွံဖြိုးရေးပါတီက တရားစွဲဆိုထားတဲ့အပေါ်မှာ တစညပါတီဖက်ကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အနိုင်ပေးလိုက်တယ်လို့ ဦးဟန်ရွှေက ပြောပါတယ်။
“ကျွန်တော်တို့ ပါတီက နိုင်ထားတဲ့ နေရာပေါ့လေ။ ပဲခူးတိုင်းက ကျောက်ကြီးမြို့နယ်၊ နောက်တခါ ရွှေကျင်မြို့နယ်ပါ။ နောက်တခုက ကျွန်တော်တို့ မကွေးတိုင်းက ဆိပ်ဖြူမြို့နယ်၊ အဲဒီနေရာတွေက ကျွန်တော်တို့က သုံးယောက်စလုံး၊ သုံးယောက်စလုံး ကျွန်တော်တို့ ပါတီကချည်းပဲ နိုင်ပါတယ်။ နိုင်တော့ ဒါကို ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကနေပြီးတော့ ကျွန်တော်တို့ကို တရားစွဲပါတယ်။ တရားစွဲတဲ့အတွက် ကျွန်တော်တို့ အဲဒါကို သွားပြီးတော့ ရင်ဆိုင်နေရပါတယ်။”
“ဒီနေ့မှာပဲ ကျွန်တော်တို့ ရတဲ့သတင်းကတော့ ဒီ ကျောက်ကြီးမြို့နယ်က ပြည်သူ့လွှတ်တော်မှာ ကျွန်တော်တို့ အရွေးချယ်ခံရတဲ့ ဦးဉာဏ်ဆွေဝင်း၊ နောက် တိုင်းဒေသကြီး လွှတ်တော်မှာ အရွေးချယ်ခံရတဲ့ ၁ မှာ ဦးကောင်းညွန့်နဲ့ ၂ မှာ ဦးဗေတီအုန်းဆိုတာ ဒီနှစ်ယောက်ပေါ့လေ၊ သူတို့ သုံးယောက်ကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တရားစွဲတဲ့ဟာ ကျွန်တော်တို့ ပြည်ထောင်စု ကော်မရှင်မှာ ရှင်းပြပြီးတော့ ဒီနေ့ပဲ ကျွန်တော်တို့ ပါတီက သုံးယောက်စလုံး အနိုင်ရတယ်လို့ ကျွန်တော်တို့ သိရပါတယ်။”
ဗဟိုကော်မတီ အစည်းအဝေးနဲ့ ပတ်သက်ပြီး ပါတီပြောခွင့်ရ ပုဂ္ဂိုလ် ဦးဟန်ရွှေကို RFA မှ မအင်ကြင်းနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
ဆက်သွယ်မေးမြန်းချက် |
|
အသံဖိုင်ယူရန် |