ဆန္ဒပြတဲ့ သူနာပြု တက္ကသိုလ် ကျောင်းသားတွေရဲ့ မိဘတွေကို ကျောင်းက သတိပေး

မနေ့ကဆန္ဒထုတ်ဖော်ရာမှာ ပါဝင်ခဲ့ တဲ့ ကျောင်းသား၊ ကျောင်းသူ အယောက် ၁၀၀ နီးပါးရဲ့ မိဘတွေဆီကို ရန်ကုန်သူနာပြုတက္ကသိုလ်၊ အခြေခံသူနာပြုစုမှုပညာဌာနက ဖုန်းဆက်ပြီး ဆန္ဒပြတဲ့ အတွက် ဖြစ်လာတဲ့ပြဿနာတွေကို တာဝန်ယူမှာ မဟုတ်ကြောင်း သတိပေးတာတွေ ပြုလုပ်ခဲ့တယ် လို့ ကျောင်းသူ၊ ကျောင်းသားတွေက ပြောပါတယ်။

မြန်မာနိုင်ငံ သူနာပြုတက္ကသိုလ် (ရန်ကုန်)က သူနာပြုကျောင်းသားကျောင်းသူတွေ ရန်ကုန်မြို့မှာ မတ်လ ၁၅ ရက်နေ့က ဆန္ဒပြစဉ် Photo: Aung Thain Kha/RFA

မနေ့ကဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ ရန်ကုန်သူနာပြုတက္ကသိုလ်က ပထမနှစ်ကျောင်းသူ၊ ကျောင်းသားတွေရဲ့ အုပ်ထိန်း သူတွေကို ရန်ကုန်သူနာပြုတက္ကသိုလ်၊ အခြေခံသူနာပြုစုမှုပညာဌာနက ဖုန်းဆက်ပြီး ဆန္ဒပြပွဲမှာလိုက်ပါသွား သူတွေအတွက် ဖြစ်လာတဲ့ပြဿနာတွေကို ဌာနအနေနဲ့ တာဝန်ယူမှာ မဟုတ်ကြောင်း သတိပေးတာတွေ ပြုလုပ် လာတယ်လို့ ကျောင်းသူ၊ ကျောင်းသားတွေက ပြောပါတယ်။

ကျောင်းသား တစ်ဦးချင်းစီအပေါ် သတိပေးတာမတူညီကြောင်းနဲ့ ကျောင်းထုတ်ခံရနိုင်တာတွေ ရှိတယ်လို့ သတိပေးခံရတဲ့သူတွေလည်းရှိကြောင်း ရန်ကုန်သူနာပြုတက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင် စတုတ္ထနှစ် ကျောင်းသူ မအေးမိစံ က ပြောပါတယ်။

"တစ်အိမ်နဲ့ တစ်အိမ်ကို ပြောတာချင်းတွေ မတူပါဘူး။ Roll Call တွေမပြည့်ဘူး။ စာမေးပွဲဖြေခွင့် မရ တာတွေ ဖြစ်လာနိုင်တယ်။တချို့ကျတော့လည်း ကျောင်းတွေပြေးနေတယ်ပေါ့။ ဆန္ဒပြပွဲကို သူတစ် ယောက် တည်းလိုက်သွားတယ်။ အဲဒီတော့ အပြင်မှာဖြစ်နေတဲ့ ပြဿနာတွေကို သူတို့ တာဝန်မယူနိုင်ဘူး။ ကျောင်းက ထုတ်ခံရတာတွေဘာတွေ ဖြစ်နိုင်ချေရှိတယ်။ အဲလိုမျိုးတွေ ပြောတယ်ပေါ့နော်။ တချို့တွေကျတော့လည်း မင်နီတားခံရတာတို့ Roll Call မပြည့်လို့ ကျောင်းထုတ်ခံရနိုင်တာတို့ ဖြစ်နိုင်တယ်လို့ မိဘတွေကို တစ်အိမ်နဲ့ တစ်အိမ်မတူဘူးရှင့်။ အဲလိုမျိုးသွေးထိုးတာမျိုးတွေ လုပ်တယ်ပေါ့နော်"

ကျောင်းသူ၊ ကျောင်းသား အယောက် ၁၀၀ နီးပါးရဲ့ အုပ်ထိန်းသူတွေထံ ဖုန်းဆက်အကြောင်းကြားမှုတွေ ပြုလုပ် ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သူနာပြုသင်တန်းသား သင်တန်းသူတွေကို ကျောင်းပြီးဆုံးချိန်မှာ သူနာပြုလိုင်စင်ထုတ်မပေးဘဲ အစိုးရဆေးရုံတွေမှာ ၃ နှစ် တာဝန်ထမ်းဆောင်ပြီးမှ သူနာပြုလိုင်စင် ထုတ်ပေးမယ်ဆိုတဲ့ စနစ်ပြောင်းလဲလိုက်တာကို မကျေနပ်တာကြောင့် မြန်မာနိုင်ငံသူနာပြု တက္ကသိုလ် (ရန်ကုန်)ရဲ့ သူနာပြုသင်တန်းသား၊ သင်တန်းသူ ၁၀၀၀ နီးပါးက မနေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

သူနာပြုကျောင်းသူ၊ ကျောင်းသားတွေရဲ့ ကန့်ကွက်မှုနဲ့ ပတ်သက်ပြီး အစိုးရဘက်က တုန့်ပြန်ချက်ကို စောင့်ကြည့် ပြီး လှုပ်ရှားမှုတွေ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ကျောင်းသူ၊ ကျောင်းသားတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org