ပုသိမ်ကြီးမှာ ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးခံရသူ ၇၀ ခန့် ခံဝန်ထိုးပြီး ငွေပေးခဲ့ရ

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် နွယ်နီရွာက လူငယ်နဲ့ လူလတ်ပိုင်းအရွယ် ခုနစ်ဆယ်ခန့်ကို စစ်ကောင်စီတပ်သားနဲ့ ရဲတွေ ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးခဲ့ပြီး ခံဝန်နဲ့ ငွေတောင်းကာ ပြန်လွှတ်ပေးခဲ့ပါတယ်။

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် နွယ်နီစံပြရွာအား ၂၀၂၃ ခုနှစ် ဇူလိုင်လအတွင်းက တွေ့ရစဥ်။ Citizen Journalist

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် နွယ်နီရွာက လူငယ်နဲ့ လူလတ်ပိုင်းအရွယ် ခုနစ်ဆယ်ခန့်ကို ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားနဲ့ ရဲတွေ ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးခဲ့ပြီး ခံဝန်နဲ့ ငွေတောင်းကာ ပြန်လွှတ်ပေးခဲ့တယ်လို့ ဖမ်းဆီးခံရသူတွေနဲ့နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။

အင်အားသုံးဆယ်ခန့်ပါ စစ်ကောင်စီတပ်သားနဲ့ ရဲတွေဟာ မန္တလေးနန်းတွင်းနဲ့ သုံးမိုင်ခန့်သာဝေးတဲ့ နွယ်နီရွာက နေအိမ်တွေကို တစ်အိမ်ချင်း ဧည့်စာရင်းလိုက်လံစစ်ဆေးပြီး မှတ်ပုံတင်နဲ့ အိမ်ထောင်စုဇယားမရှိတဲ့ အထောက်အထား မပြည့်စုံသူတွေကို ဖမ်းဆီးခဲ့တာပါ။

အားလုံးကို မန္တလေးနန်းတွင်းထဲ ဖမ်းဆီးခေါ်ဆောင်စစ်ဆေးခဲ့ပြီး တစ်ဦးကို ငွေကျပ်ရှစ်သောင်းနဲ့ ခံဝန်လက်မှတ် ထိုးခိုင်းပြီးနောက် ပြန်လွှတ်လိုက်တယ်လို့ ဆိုပါတယ်။

အဖမ်းခံရသူတွေဟာ အသက်သုံးဆယ်နှစ်အောက် အရွယ်တွေဖြစ်ပြီး အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နွယ်နီရွာသားတစ်ဦးက RFA ကို ပြောပါတယ်။

"၄ ရက်နေ့ မနက် ၆ နာရီလောက်ပေါ့။ အရပ်ကား Light Truck တွေနဲ့ လာတယ်။ မှတ်ပုံတင်နဲ့ အိမ်ထောင်စု မရှိတဲ့သူတွေကို ဘုန်းကြီးကျောင်းထဲထိုင်ခိုင်း စစ်ဆေးပြီးတော့ ကားနှစ်စီးနဲ့ ခေါ်သွားတယ်။ ၂၅ အောက်၊ ၃၀ အောက်လေးတွေပေါ့။ ရွာလေးက သေးသေးလေးဆိုတော့ အပြင်ဧည့်နေတာလည်း မရှိဘူး။ ဧည့်စာရင်း တိုင်ရတာလို့လည်း မရှိဘူးလေ။ အခု ဧည့်စာရင်းတိုင်တိုင်ဆိုတော့ တိုင်နေကြပြီ"

အဖမ်းခံရတဲ့အထဲမှာ နွယ်နီရွာအစွန်က ကာရာအိုကေ ဖျော်ဖြေရေးဆိုင်တွေမှာ အလုပ်လုပ်ကြတဲ့ အမျိုးသမီးတွေ ပါဝင်သလို စစ်ဘေးဒုက္ခသည်တချို့လည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံရသူအားလုံးကို ပြန်လွှတ်ပေးခဲ့တယ်ဆိုတဲ့အပေါ် RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးပါဘူး။

ဒီအပေါ် တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ စီးပွားရေး၀န်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မန္တလေးမြို့အခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဖြစ်တဲ့ No More Dictatorship People Defence Force (NMD) ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုချာလီကတော့ စစ်ကောင်စီတပ်ဟာ မန္တလေးနန်းတွင်းထဲ လက်နက်ကြီးနဲ့ပစ်နိုင်တဲ့ နယ်မြေတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာလို့ RFA ကို ပြောပါတယ်။

"အခုလို ဧည့်စာရင်းစစ်တာတွေက တံတားဦးမှာ ၁၀၇ မမ ရှော့ဒုံးအပစ်ခံရပြီးနောက် စကစဘက်က ကာကွယ်ဖို့ ပြင်ဆင်နေတဲ့ အနေအထားပေါ့။ နန်းတွင်းထဲကိုပစ်နိုင်မယ့် ဧရိယာအနေအထားတွေကို တွက်ချက်တယ်လို့ ကျွန်တော်တို့ ယူဆတယ်။ တပ်ဖြန့်တာတွေ လုပ်တယ်။ ကင်းပုန်းချတာတွေ လုပ်တယ်။ ဒီနွယ်နီရွာရှိတဲ့ ပုသိမ်ကြီးတို့ဘက်မှာမှ မဟုတ်ဘူး။ ဧရာဝတီမြစ်ဘက် မတ္တရာကြားက ကျွန်းလေးတွေမှာလည်း တပ်ဖြန့်တာတွေရှိတယ်။ မတ္တရာဘက်ကနေ တော်လှန်ရေးတပ်ဖွဲ့တွေ စိမ့်ဝင်မှာစိုးတာကြောင့် စစ်တာလို့ ကျွန်တော့အနေနဲ့ ထင်မြင်တာပေါ့"

ဇန်နဝါရီလ ၂၃ ရက်က တံတားဦးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီ လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံးနဲ့ လေးမိုင်အကွာကနေ ပစ်ခတ်ခဲ့တယ်လို့ တံတားဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်ကလည်း မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် မန္တလေးနန်းတွင်းမှာရှိတဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ကာကွယ်ရေးတပ်ဖွဲ့တွေက တာဝေးပစ်ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ကလည်း မန္တလေးနန်းတွင်းနဲ့နီးတဲ့ ရပ်ကွက်တချို့ကို ဧည့်စာရင်း စစ်ဆေးတာ၊ မြို့တွင်းမှာလည်း စစ်ဆေးဖမ်းဆီးတာတွေ ပိုပြီးလုပ်ဆောင်လာတယ်လို့ မန္တလေး ဒေသခံတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်က ပြုလုပ်ခဲ့တဲ့ စစ်တပ်အာဏာသိမ်း သုံးနှစ်ပြည့် အသံတိတ်သပိတ်၊ အဖြူရောင်လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်ဖေ့စ်ဘွတ်ခ်ပေါ် ရေးသားခဲ့သူ မန္တလေးမြို့ခံ သုံးဦးထက်မနည်း ဖမ်းဆီးခံလိုက်ရသလို မန္တလေးကျောက်ဝိုင်းက ဆိုင်ခန်းရှစ်ဆယ်ကျော်လည်း ပိတ်သိမ်းခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီ ၅ ရက်စာရင်းအရ အာဏာသိမ်း ကာလအတွင်း နိုင်ငံရေးနဲ့ ဆက်စပ်လို့ ဖမ်းဆီးခံရသူ နှစ်သောင်းကျော် (၂၀,၀၃၄ ဦး) ရှိပြီး အဲဒီထဲက ကိုးထောင်နီးပါး (၈၇၂၀ ဦး) ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org