ညောင်ချောင်း စစ်ဘေးဒုက္ခသည်စခန်းမှာ ရိက္ခာအခက်အခဲဖြစ်နေ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က လူဦးရေ သုံးထောင်ကျော်ခိုလှုံနေတဲ့ ညောင်ချောင်း စစ်ဘေးဒုက္ခသည်စခန်းမှာ ရိက္ခာအခက်အခဲ ဖြစ်နေတယ်လို့ စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က RFA ကို ဒီနေ့ပြောပါတယ်။

ကျောက်တော်မြို့နယ်က ညောင်ချောင်း စစ်ဘေးဒုက္ခသည်စခန်းကို ၂၀၂၁ မေလ ၂၅ ရက်နေ့က တွေ့ရစဉ် Photo: CJ
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်က လူဦးရေ သုံးထောင်ကျော်ခိုလှုံနေတဲ့ ညောင်ချောင်း စစ်ဘေး ဒုက္ခသည်စခန်းမှာ ရိက္ခာအခက်အခဲ ဖြစ်နေတယ်လို့ စခန်းတာဝန်ခံ ကိုခိုင်မျိုးအောင်က RFA ကို ဒီနေ့ ပြောပါတယ်။
 
အစိုးရကနေ လူတစ်ဦးကို တစ်နေ့မှာ ဆန်ရိက္ခာ နို့ဆီဗူး တစ်ဗူးစီ လစဉ်ထောက်ပံ့ပေးတဲ့ ရိက္ခာဟာ သတ်မှတ်ရက်ထက် ဆယ်ရက်ကျော် ကြာလာခဲ့ပြီဖြစ်ပေမယ့် ရောက်မလာသေး တာကြောင့် စစ်ဘေး ဒုက္ခသည်တွေဟာ စားရေး၊ သောက်ရေး အခက်အခဲဖြစ်နေကြတာလို့ ဆိုပါတယ်။
 
အဲဒီညောင်ချောင်း စစ်ဘေးဒုက္ခသည်စခန်းမှာ ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့ညကလည်း မိုးသက်လေပြင်း ကျရောက်လို့ လူနေအဆောင် တစ်ဆယ်ကျော် ပျက်စီးခဲ့သလို အခုလည်း ရိက္ခာအခက်အခဲဖြစ်နေတာကြောင့် ဒုက္ခသည်တွေဟာ နေထိုင်ရေးအပြင် ဝမ်းရေးအတွက်ပါ အခက်အခဲဖြစ်နေကြတာလို့ ကိုခိုင်မျိုးအောင်က ပြောပါတယ်။
 
ဒုက္ခသည်တစ်ဦးဖြစ်တဲ့ ဦးအောင်ကျော်လှကလည်း ဆန်ရိက္ခာတွေပြတ်နေလို့ သူတို့မိသားစုဟာ အခက်အခဲ တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။
 
ဒုက္ခသည်စခန်းဆီကို ဆန်ရိက္ခာ အချိန်မီရောက်မလာတဲ့ ကိစ္စနဲ့ ပတ်သက်လို့ အစိုးရရဲ့ရိက္ခာတွေကို အဓိက ဖြန့်ဝေပေးနေတဲ့ မြောက်ဦးခရိုင် ဘေးစီမံဌာနကို RFA က ဆက်သွယ်ခဲ့ရာမှာ ဘဏ်ကနေ ငွေထုတ်ရ ခက်ခဲ နေတာကြောင့် ကြန့်ကြာနေတာဖြစ်ပြီး အခုလို အခက်အခဲနဲ့ ပတ်သက်လို့ ပြည်နယ်ရုံးကိုလည်း တင်ပြ ထားသလို အမြန်ဆုံးဆောင်ရွက်ပေးဖို့ စီစဉ်နေတယ်လို့ ဖြေကြားခဲ့ပါတယ်။
 
အဲဒီ ညောင်ချောင်း စစ်ဘေးဒုက္ခသည်စခန်းမှာ ကျောက်တော်မြို့နယ်နဲ့ ပလက်ဝမြို့နယ်က တင်းမကြီး၊ တင်းမသစ်၊ မျောက်တောင်၊ သာစည်၊ လောင်းရှည်၊ ပြိုင်းတိုင်း၊ မီးဝ၊ မီးလက်ဝ စတဲ့ကျေးရွာတွေက အိမ်ထောင်စု ၈၀၀ကျော်နဲ့ လူဦးရေသုံးထောင်ကျော် ခိုလှုံနေတာဖြစ်ပါတယ်။
2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org