ညောင်လေးပင်ခရိုင်က စစ်ကောင်စီ တပ်စခန်းလေးခုကို တိုက်ခိုက်ခဲ့ကြောင်း KNU ပြော
ညောင်လေးပင်ခရိုင်ထဲမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းလေးခုကို KNLA တပ်မဟာ (၃) ပူးပေါင်းတပ်ဖွဲ့တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက သတင်းထုတ်ပြန်ပါတယ်။
-
RFA Burmese
2023-04-23 -
-
-
ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်ထဲမှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းလေးခုကို ဧပြီလ ၂၂ ရက် မနက်အစောပိုင်း KNLA တပ်မဟာ (၃) ပူးပေါင်းတပ်ဖွဲ့တွေ စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ဧပြီ ၂၃ ရက် ဒီနေ့မှာ သတင်း ထုတ်ပြန်ပါတယ်။
KNU တပ်မဟာ (၃) ဒေသဖြစ်တဲ့ ညောင်လေးပင်ခရိုင် မူးမြို့နယ်က နှောင်ကုန်းစခန်း၊ ရန်မျိုးအောင်စခန်းနဲ့ လယ်ဒိုမြို့နယ်က ညောင်ကုန်းစခန်း၊ ကျွန်းကုန်းစခန်းတွေ ဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီအထဲက ညောင်ကုန်းနဲ့ ကျွန်းကုန်းစခန်းကိုတော့ ဖျက်ဆီးနိုင်ခဲ့ပြီး လက်နက်တွေပါ သိမ်းဆည်းနိုင်ခဲ့တယ်လို့ KNU ဘက်ကပြောပါတယ်။
စစ်ကောင်စီတပ်ဘက်ကလည်း တိုက်ခိုက်ရေးရဟတ်ယာဉ်တွေနဲ့ လေးကြိမ်ဗုံးကြဲခဲ့ပြီး စက်သေနတ်တွေနဲ့ပါ ပစ်ခဲ့သလို တိုက်ပွဲအတွင်း KNLA ပူးပေါင်းတပ်ဘက်က တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ဒုတိယတပ်ရင်းမှူးတစ်ဦးအပါအဝင် ၁၆ ဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရတယ်လို့ KNU ကပြောပေမယ့် ဒီအရေအတွက်အပေါ် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိပါဘူး။
တပ်စခန်းတွေ စီးနင်းတိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။
ဒါပေမဲ့ စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ စီးပွားရေးဝန်ကြီးဦးတင်ဦးကတော့ ဒီလိုဖြစ်စဉ် ဖြစ်ခဲ့တာမရှိသလို ထိခိုက်သေဆုံးမှုလည်းမရှိဘူးလို့ RFA ကိုပြောပါတယ်။