ဒုက္ခသည် ၂၅ဝဝ နီးပါးရှိ ကျောက်တော် ဒုက္ခသည်စခန်း ရိက္ခာပြတ်လပ်နေ

ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ်ရှိ ညောင်ချောင်း စစ်ဘေးဒုက္ခသည်စခန်းမှာ တပ်မတော်စစ်ကြောင်းတွေက အလှူရှင်တွေကို တားဆီးနေတာကြောင့် စားနပ်ရိက္ခာ အခက်အခဲတွေ ဖြစ်နေတယ်လို့ ဒုက္ခသည်စခန်း ကယ်ဆယ်ရေးလုပ်နေသူတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဘေးရှောင်စခန်းက ဒုက္ခသည်တွေကို ၂၀၁၉၊ နိုဝင်ဘာ ၁၅ ရက်နေ့က တွေ့ရစဉ် ဓာတ်ပုံ - မင်းသိန်းအောင်/ RFA

ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ်ရှိ လူဦးရေ ၂၅၀၀ နီးပါးရှိတဲ့ ညောင်ချောင်း စစ်ဘေးဒုက္ခသည်စခန်းမှာ တပ်မတော်စစ်ကြောင်းတွေက အလှူရှင်တွေကို တားဆီးနေတာကြောင့် စားနပ်ရိက္ခာ အခက်အခဲတွေ ဖြစ်နေတယ်လို့ ဒုက္ခသည်စခန်း ကယ်ဆယ်ရေးလုပ်နေသူတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ပြောပါတယ်။ တပ်မတော်ကတော့ တားဆီးတာတွေမရှိတဲ့အပြင် အကူအညီတွေတောင် ပေးနေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောကြားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း ကျောက်တော်မြို့နယ် ညောင်ချောင်း စစ်ဘေးဒုက္ခသည်စခန်းဟာ မဟာမြတ်မုနိဘုရားအနီးမှာရှိပြီး ဒုက္ခသည် ၂၅၀၀ နီးပါးရှိပြီး အစိုးရက အသိအမှတ်ပြုတဲ့ စခန်းဖြစ်ပါတယ်။

စစ်ဘေးဒုက္ခသည်စခန်းကို လာရောက်ကူညီတဲ့သူတွေကို တပ်မတော်စစ်ကြောင်းတွေက သံသယနဲ့ လမ်းမှာ တားဆီးနေလို့ စခန်း မှာ ရိက္ခာပြတ်လပ်နေပြီလို့ စခန်းတာဝန်ခံ ခိုင်မျိုးအောင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၈ ရက်နေ့က ကမ္ဘာစားနပ်ရိက္ခာအဖွဲ့ WFP က ဆန်လာရောက်လှူဒါန်းဖို့လာရာမှာ လမ်းမှာ တားဆီးစစ်ဆေးတာကြောင့် စခန်းမရောက်လာဘဲ စစ်တွေကို ပြန်သွားရတာမျိုး ဖြစ်ခဲ့တယ်လို့လည်း ခိုင်မျိုးအောင်က ပြောပါတယ်။

လက်ရှိစခန်းမှာ အိမ်ထောင်စု ၅၆၀၊ လူဦးရေ ၂၅၀၀ နီးပါးရှိတာကြောင့် တစ်ရက်ကို ဆန် ၂၅ အိတ် ကနေ အိတ် ၃၀အထိ လိုအပ်ပြီး လက်တလော အလှူရှင်တွေ မလာနိုင်တာကြောင့် ရိက္ခာအခက်အခဲ ဖြစ်နေတယ်လို့ ပြောပါတယ်။

ဒီဒုက္ခသည်စခန်းကို ပြည်နယ်အစိုးရက ပြီးခဲ့တဲ့မတ်လ ၂၄ ရက်နေ့က ဆန်အိတ် ၂၈ အိတ်၊ မတ်လ ၂၈ ရက် နေ့က ဆန်အိတ် ၅၀ ထောက်ပံ့ခဲ့ဖူးပါတယ်။ ဒါဟာ လူမှုဝန်ထမ်းနဲ့ ကယ်ဆယ်ရေးဝန်ကြီးဌာန က ပြည်နယ်အစိုးရကတဆင့် တရားဝင်ပေးပို့ခဲ့တာဖြစ်ပါတယ်။

နောက်ထပ် အစိုးရက ဧပြီလ ၄ ရက်နေ့တုန်းက ဆန်အိတ် ၁၅၀ ထောက်ပံ့ပြီး လာယူဖို့ ကျောက်တော်မြို့နယ် ထွေအုပ်ရုံးကို သွားပြီးအပြန်မှာ တပ်မတော်က ဆန်အိတ် ၁၅၀နဲ့အတူ ဒုက္ခသည်စခန်းက လူ ၁၅ ဦးကိုပါဖမ်းဆီးထားပါတယ်။

၁၀ ရက်နီးပါးရှိပေမယ့် တပ်မတော်က ပြန်လွှတ်ပေးတာမရှိဘဲ မိသားစုဝင်တွေမှာ စိုးရိမ်နေတယ်လို့ ခိုင်မျိုးအောင်က ပြောပါတယ်။

ဒီလို အစိုးရကပေးတဲ့ ဆန်အိတ်တွေကိုတောင် တပ်မတော်က ဖမ်းဆီးတာကြောင့် အလှူရှင်တွေလည်း မသွားရဲကြဘူးလို့ ကျောက်တော်မြို့ ဖြူစင်မေတ္တာပရဟိတအဖွဲ့က ဦးညီပုကပြောပါတယ်။

ဒီညောင်ချောင်းစစ်ဘေးရှောင်စခန်းမှာ ပြိုင်းတိုင်း၊ မဲတောင်သာချေ၊ တင်းမ၊ မြောက်တောင်၊ လောင်း ရှည်၊ မာလာ၊အလယ်ကျွန်းစတဲ့ ကျေးရွာ ၁၅ရွာက စစ်ဘေးဒုက္ခသည်တွေ လာရောက်ခိုလှုံနေတာဖြစ်ပါတယ်။

လက်ရှိ စစ်ဘေးရှောင်စခန်းမှာ ရေရှားပါးမှုလည်း ကြုံတွေ့နေရပြီး အနီးနားရွာတွေက အကူအညီနဲ့ သုံးစွဲနေရတယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။

လက်ရှိ ရေမသန့်တာကြောင့် ကလေးငယ်တွေမှာ ဝမ်းပျက်ဝမ်းလျောရောဂါတွေ ဖြစ်နေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေတုန်းကလည်း ကျောက်တော်မြို့နယ် သရပ်အုပ်ကျေးရွာမှာ တပ်မတော် စစ်ကြောင်းက ဝင်ရောက်စစ်ဆေးသလို၊ ကျောက်တော်မြို့ပေါ်မှာလည်း ပစ်ခတ်မှုတွေဖြစ်တာကြောင့် အရပ်သား ငါးဦး သေဆုံးကာ ရှစ်ဦး ထိခိုက်ဒဏ်ရာရတာတွေ ရှိခဲ့ပါတယ်။

ဒီလိုဖြစ်နေရင် ရေရှည်မှာ အခက်အခဲဖြစ်နေမယ် လို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်း က ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းရာမှာ ဒုက္ခသည်စခန်းတွေကို ရိက္ခာပို့နေတဲ့သူတွေကို တပ်မတော်စစ်ကြောင်းက တားဆီးတာ မရှိတဲ့အပြင် ကူညီဆောင်ရွက်ပေးနေတယ်လို့ ဖြေကြားပါတယ်။ ဒါ့အပြင် ဧပြီလ ၄ ရက်နေ့က ရိက္ခာလာသယ်တဲ့သူ ၁၅ ဦးထဲမှာ AA အဖွဲ့နဲ့ ဆက်သွယ်တဲ့သူ ခုနှစ်ဦး ပါနေတာကြောင့် တပ်က  ဖမ်းဆီးထားတာဖြစ်ကြောင်းလည်း ဖြေကြားပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် AA တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည်အရေအတွက်ဟာ ၁၆၀၀၀၀ အထိရှိလာပြီလို့ ရခိုင်တိုင်ရင်းသားမျိုးနွယ်များအစည်းအရုံး REC စာရင်းတွေ အရ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org