ငြိမ်းချမ်းရေးလုပ်ငန်း တိုးတက်မှုနှေးနေတယ်လို့ UWSA က ဦးညီရန်းပြော
လက်ရှိအစိုးရလက်ထက် ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်း တိုးတက်မှု နှေးနေတယ် လို့ ပြည်ထောင်စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေး အမြဲတမ်းကော်မတီ FPNCC က UWSA ဝ,ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ရဲ့ လားရှိုးမြို့အခြေစိုက် ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်း က ပြောပါတယ်။
-
2018-08-23 -
-
-
လက်ရှိအစိုးရလက်ထက် ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ငန်း တိုးတက်မှု နှေးနေတယ်လို့ ပြည်ထောင် စု နိုင်ငံရေးဆွေးနွေး ညှိနှိုင်းရေး အမြဲတမ်းကော်မတီ FPNCC က UWSA ဝ,ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်ရဲ့ လားရှိုးမြို့အခြေစိုက် ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်း က ပြောပါတယ်။
ဒီနေ့ ရန်ကုန်မြို့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ ကျင်းပတဲ့ ရေဘေး ဒုက္ခသည်တွေအတွက် FPNCC က ငွေကျပ်သိန်းပေါင်း လေးထောင်ကျော်ကို အစိုးရငြိမ်းချမ်းရေးကော်မရှင်ကို လှူဒါန်းတဲ့ အခမ်းအနားအပြီးမှာ UWSA "ဝ" အဖွဲ့က ဦးညီရန်းက သတင်းထောက်တွေရဲ့ မေးမြန်းမှု ကို ဖြေကြားခဲ့တာဖြစ်ပါတယ်။
"အဲလိုတော့ ကျနော့်အနေနဲ့ ဒါတွေတော့ မသိရဘူးလေနော်၊ ဘာကြောင့်ဆို PC အဖွဲ့နဲ့ ကျနော်တို့ ဌာနချုပ်နဲ့ သူတို့ တိုက်ရိုက်ဆွေးနွေးကြတယ်ဆိုတော့လေနော် ဘယ်လိုပြောမလဲဆိုတော့ နှေးတယ် လို့တော့ ကျနော်တို့ဝန်ခံရပါလိမ့်မယ်၊ အဲလိုပဲ ကျနော်ပြောချင်ပါတယ် အားလုံးကတော့ မပါ ဝင်နိုင်သေးတော့ နှေးတယ်လို့ပဲ ကျနော်ပြောချင်ပါတယ်။"
ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး အမြဲတမ်းကော်မတီ FPNCC အနေနဲ့ ရေဘေးသင့်ဒေသတွေကို လှူဒါန်းတာဖြစ်ပေမယ့် ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းရဲ့ ဂုဏ်ပြုမှတ်တမ်းလွှာမှာတော့ "ဝ" အထူးဒေသ ၂ က ကမကထ ပြုလုပ်ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေက လှူဒါန်းတာဖြစ် တယ်လို့သာ ဖော်ပြထားပါတယ်။
မြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုပေါင်းထားတဲ့ FPNCC အဖွဲ့မှာ ကချင်လွတ်မြောက်ရေး တပ်မတော် KIA၊ ကိုးကန့်တပ်မတော် MNDAA၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP/ SSA၊ ရခိုင့်တပ်မတော် AA၊ တအန်းလွတ်မြောက်ရေး တပ်မတော် TNLAနဲ့ မိုင်းလား တပ်မတော် NDAA တို့ပါဝင်ပါတယ်။
NCA စာချုပ်ဟာ အားလုံးရဲ့ အချုပ်မဟုတ်သလို NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေနဲ့လည်း တပ်မတော်တို့ တိုက်ပွဲတွေ ရှိနေတဲ့အတွက် စဉ်းစားစရာ တစ်ခုဖြစ်ကြောင်းနဲ့ လက်မှတ်ထိုးပြီးချိန်မှာ မကြိုက်နှစ်သက်ရင် ပြန် ထွက်လို့ရတယ်ဆိုတဲ့ စာသားကို ထည့်သွင်းပေးမယ်ဆိုရင် NCA လက်မှတ်ထိုးဖို့ စဉ်းစားသွားမှာဖြစ်ကြောင်း ဦးညီရန်းက ပြောပါတယ်။
ဒီပွဲကို ပုဂ္ဂလိက သတင်းမီဒီယာတွေကို ဝင်ရောက်ခွင့် မပေးဘဲ အစိုးရ သတင်းစာ၊ ရုပ်သံမီဒီယာနဲ့ Myanmar International MI တို့ကိုသာ ဝင်ရောက်ခွင့်ပေးခဲ့ပါတယ်။
အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ငြိမ်းချမ်းရေး ကော်မရှင် အဖွဲ့ဝင်တွေနဲ့ UWSA “ဝ” အဖွဲ့ရဲ့ လားရှိုးမြို့အခြေစိုက် ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းနဲ့ ဆက်သွယ်ရေး တာဝန်ခံ ဦးအိုက်စံရွှေတို့ တက်ရောက်ခဲ့ ကြပါတယ်။