ကောလင်းမြို့ပေါ်က စစ်ကောင်စီတပ်စခန်းသုံးနေရာ တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်က စစ်ကောင်စီတပ်စခန်း သုံးနေရာကို PDF နဲ့ KIA ပူးပေါင်းအဖွဲ့တွေက နိုဝင်ဘာလ ၃ ရက်နေ့ မနက် ၃ နာရီလောက် တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ကောလင်း PDF က ပြောပါတယ်။

တိုက်ပွဲကြောင့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှ ဒေသခံများ ထွက်ပြေးနေရသည်ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့က တွေ့ရစဉ်။ Kawlin info

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်က စစ်ကောင်စီတပ်စခန်း သုံးနေရာကို ပြည်သူ့ ကာကွယ်ရေးတပ် (PDF) နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းအဖွဲ့တွေက နိုဝင်ဘာလ ၃ ရက်နေ့ မနက် ၃ နာရီလောက် တစ်ပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့ ကောလင်း PDF က ပြောပါတယ်။

ကောလင်း မြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနဲ့ အ.ထ.က (၁) ကျောင်းဝန်းထဲမှာ ကင်းပုံးထိုင်နေတဲ့ တပ်စခန်းနေရာသုံးခုကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်က ကောလင်းမြို့ပေါ်အထိ လေကြောင်းကနေ လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် တစ်ဦးက RFA ကိုပြောပါတယ်။

"တိုက်တာက သုံးနေရာပါ။ မနက် သုံးနာရီလောက်ကတည်းက ဝင်တိုက်တာ နေ့လယ်လောက်မှ နားသွားတယ်။ စစ်ကောင်စီဘက်ကတော့ လေကြောင်းနဲ့ပါ မြို့ပေါ်အထိ တစ်ခါလာပစ်တယ်။ အခုက မြို့ပေါ်မှာ စစ်ကောင်စီတပ်တွေ ကင်းလှည့်နေတယ်"

ဒီတိုက်ခိုက်မှုမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေဘက်က တစ်ဦးသေဆုံးပြီး စစ်ကောင်စီတပ်ဘက်ကလည်း ထိခိုက်သေဆုံးမှုတွေ ရှိနိုင်တယ်လို့ သူကဆိုပါတယ်။

တိုက်ပွဲဖြစ်ချိန်အတွင်း ကောလင်းမြို့ပေါ်က ဒေသခံတစ်သောင်းကျော်လောက် ပိတ်မိနေပြီး ထွက်ပြေးတိမ်းရှောင်မယ့် မြို့ခံတွေကို ကူညီခေါ်ထုတ်ပေးနေတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ပြောပါတယ်။

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောရေးဆိုခွင့်ရှိသူ တိုင်ရင်းသားရေးရာဝန်ကြီး ဦးစိုင်းနိုင်နိုင်ကျော်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်စခန်းတွေ တိုက်ခိုက်သိမ်းပိုက်ခံနေရသလို စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ မကွေးတိုင်းနဲ့ ကရင်ပြည်နယ်တွေက စစ်ကောင်စီတပ်စခန်းတွေကိုလည်း တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ PDF ပူးပေါင်းတပ်တွေက တစ်ပြိုင်နက်တည်း တိုက်ခိုက်မှုတွေ ဆက်ရှိနေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org