ဖားကန့်မြို့နယ်က စစ်ကောင်စီတပ်စခန်းသုံးခု သိမ်းပိုက်ခဲ့ကြောင်း PDF ပြော

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းရွာမှာ ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ် (SNA) ပူပေါင်းတပ်စခန်း သုံးခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) \နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့က နိုဝင်ဘာလ ၉ ရက်နေ့မှာ တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အား ကချင်ပြည်နယ် ဖားကန့်မြို့တွင် ၂၀၂၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆယ်ဇင်းရွာမှာ ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ရှမ်းနီတပ် (SNA) ပူပေါင်းတပ်စခန်း သုံးခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့က နိုဝင်ဘာလ ၉ ရက်နေ့မှာ တိုက်ခိုက်သိမ်းယူခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

ဒီနေ့ မနက် ၃ နာရီလောက်ကတည်းက ဆယ်ဇင်းရွာတစ်ဝိုက်မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်း လေးခုကို ကေအိုင်အေနဲ့ PDF ပူးပေါင်းအဖွဲ့က တစ်ပြိုင်နက် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်နေတဲ့အချိန်အတွင်းမှာလည်း စစ်ကောင်စီဘက်က လေကြောင်းနဲ့ နှစ်ကြိမ် လာရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်စခန်း သုံးခုကို သိမ်းယူနိုင်ခဲ့ပေမယ့် နောက်ထပ် တပ်စခန်းတစ်ခုကို သိမ်းယူနိုင်ဖို့ ဒီနေ့ မွန်းလွဲပိုင်းအထိ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက RFA ကိုပြောပါတယ်။

"ဒီမနက်ကတည်းက ဝင်တိုက်နေတာ။ စခန်းသုံးခုကိုတော့ ကျွန်တော်တို့ဘက်က ထိန်းထားနိုင်ခဲ့တယ်။ ဒါပေမဲ့ နောက်စခန်းတစ်ခုကို ထပ်သိမ်းဖို့ အခု တိုက်ပွဲတွေ ဖြစ်နေတုန်းပဲ။ အဲဒါကြောင့် နှစ်ဖက် သေဆုံးထိခိုက်စာရင်းအတိအကျတော့ မသိရသေးဘူး"

ကေအိုင်အေနဲ့ PDF တွေ သိမ်းလိုက်တဲ့ တပ်စခန်းတွေဟာ ဆယ်ဇင်းရွာနဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့ကို ဆက်သွယ်ထားတဲ့ ကားလမ်းမပေါ်မှာရှိတဲ့ သံယောဇဉ်ကုန်းတစ်ဝိုက်က တပ်စခန်းတွေဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ တပ်စခန်းတွေမှာ စစ်ကောင်စီတပ် ခလရ (၃၀၁) တပ်ရင်းနဲ့ SNA တပ်က ပူပေါင်းတပ်စွဲထားတဲ့ စခန်းတွေဖြစ်ပြီး အင်အား နှစ်ရာဝန်းကျင်လောက် ရှိနိုင်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

တိုက်ပွဲကြောင့် ဆယ်ဇင်းရွာက ဒေသခံတွေလည်း လတ်တလော နေအိမ်တွေမှာပဲ ပုန်းခိုနေကြပြီး ထိခိုက်မှု ရှိ၊ မရှိ အသေးစိတ်ကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဆယ်ဇင်းဘက်က စစ်ကောင်စီ တပ်စခန်းတွေကို ကေအိုင်အေက သွားရောက် တိုက်ခိုက်တာ မှန်ပေမယ့် စခန်းသိမ်းလိုက်တယ် ဆိုတာကိုတော့ မသိရသေးဘူးလို့ ကေအိုင်အေ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက RFA ကို ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့မှာ လိုင်ဇာ မုန်လိုင်ခက်ဒုက္ခသည်စခန်း တိုက်ခိုက်ခံရပြီးနောက် ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ ကေအိုင်အေနဲ့ ပြည်သူ့ကာကွယ်ရေးပူပေါင်းအဖွဲ့က စစ်ကောင်စီတပ်စခန်းတွေကို သွားရောက် တိုက်ခိုက်တဲ့ဖြစ်စဉ်တွေ ခပ်စိပ်စိပ် ဖြစ်လာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org