အမျိုးစောင့်သူဖြစ်ကြောင်း မဲဆွယ်ပွဲမှာ မွန်ဝန်ကြီးချုပ် ပြောကြား

မွန်ပြည်နယ် မုဒုံမြို့နယ်မဲဆန္ဒနယ် အမှတ် ၁ မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ခိုင်ဖြိုး ပါတီရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့်က သူဟာ အမျိုးဘာသာ သာသနာကို စောင့်ထိန်းသူဖြစ်ကြောင်းပြောပြီး မဲဆွယ် စည်းရုံးခဲ့ပါတယ်။

ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့် ကို တွေ့ရစဉ် Photo: Wai Mar Tun/RFA

မွန်ပြည်နယ် မုဒုံမြို့နယ်မဲဆန္ဒနယ် အမှတ် ၁ မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်ခိုင်ဖြိုးပါတီရဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်က သူဟာ အမျိုးဘာသာ သာသနာကို စောင့်ထိန်း သူဖြစ်ကြောင်းပြောပြီး မဲဆွယ်စည်းရုံးခဲ့ပါတယ်။

ဒီနေ့ မုဒုံမြို့ မြို့မ ၁ရပ်ကွက်က မီတာ ၄၀၀ အားကစားကွင်းမှာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်အပါအဝင် လွှတ်တော်ကိုယ်စားလှယ်လောင်း ၄ဦး မဲဆွယ်စည်းရုံးရာမှာ ဝန်ကြီးချုပ် ဦးအုန်းမြင့်က ပြောခဲ့တာဖြစ်ပါတယ်။

"ကျနော်က အမျိုးကိုစောင့်လို့ မုဒုံသူ ဒေါ်စန်းစန်းကို ယူပြီးတော့ သမီးတစ်ယောက် သားသုံးယောက် မွေးခဲ့ပါ တယ်၊ PHD၊ Engineer၊ Master Computer တွေ မွေးထုတ်ပြီးတော့ အမျိုးကိုဆက်စောင့်ဖို့ မြန်မာနိုင်ငံထဲကပဲ ထပ်မံယူပြီးတော့ မြေးယောကျ်ားလေးယောက် မွေးခဲ့ပါတယ်၊ သူတို့လူတွေလည်း နိုင်ငံခြားသူ နိုင်ငံခြားသားကို မယူကြပါဘူး၊ ကိုယ့်ရဲ့မွန်ပြည်နယ်သား မြန်မာနိုင်ငံသားကိုပဲ ယူကြပြီးတော့ အမျိုးကိုစောင့်ထိန်းခဲ့ကြပါတယ် "

ဒါ့အပြင် မွန်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်းတွေကို မဲပေးဖို့ ပြောခဲ့ ပါတယ်။

မဲဆွယ်ဟောပြောပွဲကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးကျော်ကျော်လွင်၊ ပြည်နယ်မဲဆန္ဒနယ် အမှတ် ၂ ကိုယ်စားလှယ်လောင်း ဒေါက်တာလှသိန်းနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးသက်ထွေးတို့ တက်ရောက်ခဲ့ပါတယ်။

မဲဆွယ်ပွဲကို မုဒုံမြို့နယ် ရွာပေါင်း ၄၀ကျော်က ဒေသခံ ၂ထောင်ကျော် တက်ရောက်ခဲ့ပါတယ်။

မုဒုံမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားတိုးတက်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားပါတီ စတဲ့ ပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ဒီအတောအတွင်း မွန်ပြည်နယ်မှာ နိုင်ငံရေးပါတီတွေ ရွေးကောက်ပွဲ မဲစည်းရုံးရေးတဲ့အခါ မျိုးစောင့်ဥပဒေတွေနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောထားရှိတယ်ဆိုတာ မေးဖို့လိုအပ်ပြီး အဲဒီအဖြေပေါ် မူတည်ပြီးမဲပေးကြဖို့ မွန်ပြည်နယ် မြစေတီရဲကျောင်း စာသင်တိုက်ဆရာတော် အရှင်ဝိမလဗုဒ္ဓိက မိန့်ကြားလိုက်ပါတယ်။

မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့မှာ ဒီနေ့ကျင်းပတဲ့ မျိုးစောင့်ဥပဒေကြိုဆိုပွဲ အခမ်းအနားမှာ ဆရာတော် အရှင်ဝိမလဗုဒ္ဓိက မိန့်ကြားခဲ့တာဖြစ်ပါတယ်။

"အကယ်၍များ မျိုးစောင့်ဥပဒေကိုဖျက်မယ့် ပုဂ္ဂိုလ်တွေ ပါတီတွေကို အယောင်ယောင်အမှားမှားနဲ့ မဲသွားပေးလိုက်မိရင် ကိုယ့်လည်ပင်းကို ကြိုးကွင်းစွပ်တာနဲ့ မတူသွားဘူးလား၊ ကိုယ့်ကိုကိုယ်သတ်သေတာနဲ့ မတူသွားဘူးလား၊ ဒါကြောင့် ဒီနယ်မှာလာပြီးတော့ မဲဆွယ်တာပဲဖြစ်ဖြစ် မိန့်ခွန်းပြောတာပဲဖြစ်ဖြစ် ပါတီအစိုးရဖွဲ့ရင် မျိုးစောင့်ဥပဒေကို ဖျက်မှာလား တည်တံ့အောင်လုပ်မှာလား မေးခွင့်ရှိတယ်၊ အဲ့လိုမေးမှ ဖျက်တဲ့ပါတီလား ဖျက်တဲ့ပုဂ္ဂိုလ်လား၊ တည်တံ့အောင်လုပ်မယ့်ပါတီလား တည်တံ့အောင်လုပ်မယ့်ပုဂ္ဂိုလ်လားလို့ သဲသဲကွဲကွဲသိရမယ်"

လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီ ၉၂ ပါတီထဲမှာ ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ စတဲ့ ပါတီနှစ်ခုကသာ မျိုးစောင့်ဥပဒေကို ထောက်ခံတယ်လို့ ပြောရ မှာဖြစ်ကြောင်းလည်း ဆရာတော် အရှင်ဝိမလဗုဒ္ဓိက မိန့်ပါတယ်။ မျိုးစောင့်ဥပဒေအောင်ပွဲ အခမ်းအနားကို သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်တို့က ရဟန်းရှင်လူ ၃ထောင်နီးပါး တက်ရောက်ခဲ့ပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့ သြဂုတ်လ ၃၁ ရက်နေ့က မျိုးစောင့်ဥပဒေလေးခုဖြစ်တဲ့ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေ၊ ဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ၊ လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ဥပဒေ၊ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေတို့ကို လက်မှတ်ရေးထိုး အတည်ပြုခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org