ရိုဟင်ဂျာတွေအဖြစ်ဟာ ရင်နင့်စရာလို့ OIC အဖွဲ့ပြော
ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သွားကြည့်ခဲ့ရတာ တခါမှမကြုံဖူးခဲ့တဲ့ ဝမ်းနည်းကြေ ကွဲမှုကို ခံစားရပြီး မျက်ရည်ဝဲမိတယ်လို့ အိုအိုင်စီ ခေါ် အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းရေးမှုူးချုပ် Mr Ihsannoglu က ပြောသွားကြောင်း ဒီနေ့ အေပီ သတင်းတစ်ရပ်က ဖော်ပြထားပါတယ်။
-
2013-11-17 -
-
-
ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သွားကြည့်ခဲ့ရတာ တခါမှမကြုံဖူးခဲ့တဲ့ ဝမ်းနည်းကြေကွဲမှုကို ခံစားရပြီး မျက်ရည်ဝဲမိတယ်လို့ အိုအိုင်စီ ခေါ် အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းရေးမှုးချုပ် Mr Ihsannoglu က ပြောသွားကြောင်း ဒီနေ့ အေပီသတင်းတစ်ရပ်က ဖော်ပြထားပါတယ်။
သူနဲ့ OIC ကိုယ်စားလှယ်အဖွဲ့ဝင်တွေဟာ စစ်တွေမြို့အနီး ရိုဟင်ဂျာ ဒုက္ခသည်စခန်းကို သွားရောက်ကြည့်ရှုခဲ့ပြီး လူ ၅ ထောင်လောက်ကို တွေ့ရကြောင်း၊ ဒါပေမဲ့ ဘာသာစကား အခက်အခဲကြောင့် ဘာမှမေးမြန်းပြောဆိုနိုင်ခြင်း မရှိကြောင်း၊ သူတို့အားလုံးဟာ ကြောက်ရွံ့ထိတ်လန့်နေကြပြီး အခုလို OIC အဖွဲ့လာတာကို ဝမ်းသာနေကြကြောင်း၊ ဒီပြဿနာကို ဖြေရှင်းမယ်လို့ အစိုးရကပြောကြောင်း၊ အခုမဖြေရှင်းဘူးဆိုရင် နောင်အခါ ပြဿနာကြီးတစ်ခု ဖြစ်လာနိုင်ကြောင်း Mr Ihsannoglu က ပြောသွားပါတယ်။
အိုအိုင်စီ ကိုယ်စားလှယ်တွေဟာ မနေ့က နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့တယ်လို့ ဆိုပါတယ်။ OIC အဖွဲ့ဟာ မြန်မာနိုင်ငံက ပြန်လည်မထွက်ခွါခင် လေဆိပ်ရောက်တဲ့အချိန်ထိ ဆန့်ကျင်ဆန္ဒပြတာတွေ ကြုံခဲ့ရပါတယ်။
မနေ့ကလည်း သံဃာ ၆ ပါးပါဝင်တဲ့ လူ ၆ဝ လောက်က အိုအိုင်စီထွက်သွား၊ အိုအိုင်စီ ပြည်တွင်းရေး ဝင်မစွက်ဖက်နဲ့ဆိုတဲ့ စာတန်းတွေကိုင်ပြီး ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။