OIC ရုံး ဖွင့်လှစ်မှု လက်ခံမှာမဟုတ်ကြောင်း သမ္မတရုံးဝန်ကြီးပြောဆို
ဦးသိန်းစိန် အစိုးရအဖွဲ့ဟာ ပြည်သူလူထု သဘောမတူတဲ့ကိစ္စကို ဆောင်ရွက်မှာမဟုတ်တဲ့ အတွက် မြန်မာနိုင်ငံမှာ OIC အစ္စလာမ္မစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ရုံး လာရောက် ဖွင့်လှစ်မယ်ဆိုတဲ့ ကိစ္စအပေါ် စိုးရိမ်စရာမရှိဘူးလို့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
-
2012-10-15 -
-
-
OIC ရုံးဖွင့်လှစ်မယ့်အရေး ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေကို ရဟန်း သံဃာတော်တွေ ဦးဆောင်ပြီး မြန်မာနိုင်ငံ တဝှမ်းမှာ ဒီကနေ့ ပြုလုပ်ဖို့ စီစဉ်နေတာနဲ့ ပတ်သက်လို့ RFA ရဲ့ မေးမြန်းချက်ကို ဝန်ကြီး ဦးအောင်မင်းက အခုလို ဖြေကြားခဲ့ပါတယ်။
"စိတ်ပူစရာမလိုပါဘူး။ ကျွန်တော်တို့ အစိုးရက အများပြည်သူရဲ့ ဆန္ဒကိုပဲ ဖော်ထုတ်ပြီး ဆောင်ရွက်နေတာ ဖြစ်တာပေါ့ဗျာ။ အများပြည်သူဆန္ဒနဲ့ မကိုက်ညီဘူးဆိုရင် လုပ်မှာ မဟုတ်ဘူးပေါ့ဗျာ။ အဲဒီတော့ ဘာမှလည်း စိုးရိမ်စရာ မလိုဘူးပေါ့။ ဆရာတော်ကြီးတွေလည်းလေ။ ဆရာတော်ကြီးတွေ ဒီလို လူမျိုး ဘာသာ သာသနာအတွက် ဒီလိုလုပ်နေတာလည်း ဂုဏ်ယူပါတယ်။"
အလားတူ သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးကလည်း အများပြည်သူတွေ စိုးရိမ်နေသလို မွတ်စလင်နိုင်ငံတွေမှာပဲ ဖွင့်လှစ်တဲ့ OIC ရုံးမျိုး မြန်မာနိုင်ငံတွင်း ဖွင့်လှစ်တာမျိုး မဟုတ်ဘူးလို့ အောက်တိုဘာလ ၁၄ ရက်နေ့က ပြောခဲ့ပါတယ်။
"OIC ရုံးရယ်လို့ ကျွန်တော်တို့ နိုင်ငံမှာ ဖွင့်ခွင့် ပေးမထားဘူး။ အခုဟာက အိုအိုင်စီရဲ့ humanitarian assistance တွေကို ဖြန့်ခွဲဖို့၊ delivery လုပ်ဖို့ ဆိုပြီးတော့ ယာယီရုံးကို ကာလကန့်သတ်ချက်နဲ့ ဖွင့်ခွင့်ပြုမယ်ဆိုတဲ့ဟာပေါ်မှာ ပြည်သူလူထုရဲ့ ဆန့်ကျင်မှု ဖြစ်နေတာပေါ့။"
မြန်မာအစိုးရအနေနဲ့ OIC အဖွဲ့နဲ့ လူသားချင်းစာနာမှု ဆိုင်ရာ နားလည်မှုစာချွန်လွှာ ရေးထိုးထားပေမယ့် မြန်မာနိုင်ငံမှာ ရုံးစိုက်မယ့်ကိစ္စ မပါဝင်ကြောင်း၊ ဒါပေမယ့် လိုအပ်ချက်အရ ယာယီရုံးစိုက်မယ်ဆိုရင် ရန်ကုန်မြို့မှာပဲ OIC ယာယီရုံးဖွင့်လှစ်မှာ ဖြစ်ကြောင်း OIC အဖွဲ့နဲ့ ချုပ်ဆိုခဲ့တဲ့ နားလည်မှု စာချွန်လွှာကို ကိုယ်တိုင် လက်မှတ်ရေးထိုးရာမှာ ပါဝင်ခဲ့တဲ့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွေးလှက အခုတပတ်ထုတ် The Voice စာစောင်ကို ထုတ်ဖော်ပြောဆိုထားပါတယ်။
ဒီအတောအတွင်း OIC အစ္စလာမ္မစ် ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ ရုံးဖွင့်လှစ်မှုကို ဆန့်ကျင် ဆန္ဒပြကြမယ့် မန္တလေးမြို့နဲ့ ပဲခူးမြို့က သံဃာတော်တွေကို မနေ့ညက အာဏာပိုင်တွေ လာရောက် ဟန့်တားခဲ့တယ်လို့ ဒေသခံ သံဃာတော်တွေက မိန့်ကြားပါတယ်။