မြန်မာ့ စွမ်းအင်ဈေးကွက် ပြည်သူခံစားနိုင်ဖို့ လိုအပ်
မြန်မာနိုင်ငံရဲ့ ပေါကြွယ်ဝတဲ့ ရေနံနဲ့ ဓာတ်ငွေ့လောင်စာစွမ်းအင် သယံဇာတတွေမှာ နိုင်ငံခြားကုမ္ပဏီတွေ ပိုမို ရင်းနှီးမြုပ်နှံ လာကြရေးအတွက် နှစ်ရက်ကြာ ညီလာခံတစ်ရပ် ဗုဒ္ဓဟူးနေ့က စတင်ဖွင့်လှစ်ခဲ့ပါတယ်။
-
2012-03-28 -
-
-
မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲမှုတွေကြောင့် အနောက်နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူထားတာတွေ ပြန်လည် ရုပ်သိမ်းတော့မဲ့ အလားအလာတွေ မြင့်မားလာနေချိန်မှာ မြန်မာ့ စွမ်းအင်ဝန်ကြီးဌာနနဲ့ CMT ခေါ် နည်းပညာ စီမံခန့်ခွဲရေးဌာနတို့ ပူးတွဲပြီး ဒီညီလာခံကို ကျင်းပခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အရန်ရေနံစိမ်းပမာဏ စည်ပေါင်း သန်းသုံးထောင်ကျော်၊ သဘာဝဓါတ်ငွေ့ပမာဏ ကုဗပေ သန်းပေါင်း ၁၂ သန်းကျော် ရှိကြောင်း၊ ပြီးခဲ့တဲ့ ဇန်နဝါရီလက ကုန်းတွင်းရေနံနဲ့ ဓာတ်ငွေ့လုပ်ကွက် ၁၀ နေရာအတွက် ကုမ္ပဏီ ၈ ခုကို လုပ်ကိုင်ခွင့်ပြုခဲ့ကြောင်း၊ အခုကမ်းလွန် လုပ်ကွက် ၉ နေရာအတွက် လေလံခေါ်ယူမှာ ဖြစ်ကြောင်း CMTက ပြောပါတယ်။
ဒါ့အပြင် မြန်မာ့စွမ်းအင် ရှာဖွေတူးဖေါ်ရေး ကဏ္ဍမှာ တရုတ်နဲ့ အိန္ဒိယတို့က အများဆုံး ရင်းနှီးမြုပ်နှံနေကြပြီး၊ အနောက်နိုင်ငံ ကုမ္ပဏီတွေကတော့ သူတို့အစိုးရတွေက မြန်မာအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူထားတာကြောင့် ရင်းနှီးမြုပ်နှံဖို့ အခွင့်မသာဘဲ ဖြစ်နေခဲ့ရကြောင်း၊ ဒါပေမဲ့ အခုတော့ ပိတ်ဆို့မှုတွေ ရုပ်သိမ်းသွားတော့မဲ့အပေါ် စောင့်စားရင်း နိုင်ငံတကာ ကုမ္ပဏီတွေဟာ မြန်မာ့စွမ်းအင် ဈေးကွက်မှာ ပါဝင်နိုင်ဖို့ စီစဉ် ပြင်ဆင်နေကြပြီ ဖြစ်ကြောင်းလည်း ပြောဆိုပါတယ်။
ဒါပေမဲ့ Oil watch Southeast Asia ခေါ် အရှေ့တောင်အာရှ ရေနံစောင့်ကြည့်ရေးအဖွဲ့က မြန်မာနိုင်ငံရဲ့ လောင်စာသယံဇာတ နယ်ပယ်မှာ ရင်းနှီးမြုပ်နှံတာတွေကြောင့် မြန်မာပြည်အတွက် အကျိုးထက် အပြစ်က ပိုများသွားလိမ့်မယ်လို့ သတိပေးလိုက်ပါတယ်။
မြန်မာအစိုးရဟာ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွင်း စွမ်အင်ကဏ္ဍကနေ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ သန်းပေါင်း သုံးထောင်နီးပါး ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ပြည်သူတွေ မခံစားခဲ့ရသလို၊ တိုင်းပြည်ရဲ့စီးပွားရေးလည်း သိသိသာသာ တိုးတက်မလာခဲ့ပါဘူး။
မြန်မာပြည်မှာ စစ်တပ်က အာဏာကို ထိန်းချုပ်နေသမျှ၊ ဒီမိုကရေစီ ကင်းမဲ့နေသမျှ ရေနံနဲ့ ဓာတ်ငွေ့လုပ်ငန်းမှာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှုတွေ ရှိလာမှာ မဟုတ်ပါဘူးလို့ Oil watch Southeast Asia ရဲ့ ဦးဆောင်သူတစ်ဦးက ပြောလိုက်ပါတယ်။