ရှေးဟောင်းတရားရုံးနှစ်ရုံးအတွက် ရှေ့နေများကွန်ရက် သဘောထားကြေညာ
ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်းနဲ့ ကမ်းနားလမ်းက ရှေးဟောင်း သမိုင်းအမွေအနှစ် စာရင်းဝင် တရားရုံးကြီးနှစ်ရုံးကို တရားရုံးတွေအဖြစ်နဲ့ ဆက်လက်ထိန်းသိမ်း အသုံးပြုရေးနဲ့ ပတ်သက်ပြီး ရှေ့နေများကွန်ရက်ရဲ့ သဘောထားကြေညာချက်တစ်ရပ် နိုဝင်ဘာလ ၆ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။
-
2012-11-07 -
-
-
ကြေညာချက်မှာပြီးခဲ့တဲ့ အောက်တိုဘာ (၂၇)ရက်နေ့ မနက်က ရန်ကုန်တိုင်းဒေသကြီး အစိုးရရုံးမှာ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း နဲ့ ရှေ့နေများကွန်ရက်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြရာမှာ ဝန်ကြီးက ယိုယွင်းလာနေတဲ့ တရားရုံးချုပ်နဲ့ စုပေါင်းတရားရုံးကြီးတွေကို ကြာရှည်ထိန်းသိမ်းနိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်းရေးစရိတ်လည်း သက်သာအောင် ပုဂ္ဂလိက လုပ်ငန်းရှင်ကို ဌားရမ်းပြီး တွဲဖက်လုပ်ကိုင်ခွင့်ပြုခဲ့သလို ငှားရမ်းခထဲကနေ တရားရုံးတွေကို ပြန်လည်ကူညီနိုင်ကြောင်း၊ ရှေ့နေတွေနဲ့ ပြည်သူတွေ မလိုလားဘူးဆိုရင်တော့ ဆက်လက်ဆောင်ရွက်ဖို့ အစီအစဉ်မရှိကြောင်း ဆွေးနွေးပြောဆိုခဲ့တယ်လို့ ဖေါ်ပြပါတယ်။
ရှေ့နေများကွန်ရက်ကလည်း အဲဒီအဆောက်အဦကြီးတွေကို မူလကတည်းက တရားရုံးအင်္ဂါရပ်အစုံအလင်နဲ့ ခမ်းနားထည်ဝါစွာ ဆောက်လုပ်ခဲ့တာဖြစ်ကြောင်း၊ နိုင်ငံ့ဂုဏ်သိက္ခာဖြစ်တဲ့ တရားရုံးကြီးတွေကို ပြတိုက်နဲ့ ဟိုတယ်အဖြစ် ပြောင်းလဲမယ်ဆိုရင် မူလအမွေအနှစ်တွေပျက်စီးကုန်မှာဖြစ်လို့ ပြန်လည်စဉ်းစားသင့်ကြောင်း တင်ပြဆွေးနွေးခဲ့ရာမှာ ဝန်ကြီး ဦးစိုးသိန်းက ရှေ့နေကြီးများရဲ့ဆွေးနွေးချက်ကို သမ္မတကြီးထံ တင်ပြပါမယ်လို့ ပြောဆိုကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။ ဆွေးနွေးပွဲမှာပါဝင်ခဲ့တဲ့ ရှေ့နေများကွန်ရက်အဖွဲ့ဝင် ဦးအောင်သိန်း က အခုလို ပြောပါတယ်။
"သူကပြောတာကတော့ ရှေ့နေများကွန်ရက်နဲ့ ပြည်သူလူထူက သဘောမတူဘူးဆိုရင် သူတို့ဆက်မလုပ်ပါဘူးလို့ အဲလိုပြောတယ်ခင်ဗျ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရှေ့နေများကွန်ရက်က တာဝန်ယူမယ်ဆိုရင်လည်း သူတို့က သဘောတူပါတယ် ဘာညာဆိုပြီး အဲလိုမျိုးပြောတာဗျ။ အဓိကအရေးကြီးဆုံးက ဒီရုံးနှစ်ရုံးကို တရားရုံးအဖြစ်နဲ့မူလကတည်းက တည်ဆောက်ထားတဲ့အတိုင်း ဆက်လက်ပြီးတော့ ထိန်းသိမ်းရင်ထိန်းသိမ်း ဒါမှမဟုတ် တရားရုံးအဖြစ်ဆက်လက်အသုံးပြုဖို့ပါ။"
ဒါ့ပြင် ရှေ့နေများကွန်ရက်ရဲ့ အလုပ်သဘောပါတဲ့ အသေးစိတ် အကြံပြုချက် စာတမ်းတစ်စောင်ကို သမ္မတ ထံ အမြန်တင်ပြမှာဖြစ်သလို၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ တရားသူကြီးချုပ်၊ ရင်းနှီးမြှပ်နှံမှုကော်မရှင် ဥက္ကဌ နဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဝန်ကြီးချုပ်တို့ထံကိုလည်း လိုအပ်သလို ကူညီပံ့ပိုးပေးဖို့အသိပေးတင်ပြသွားမယ်လို့ ကြေညာချက်မှာ ဖေါ်ပြပါတယ်။