ဦးနေမျိုးဇင်ကို ထောင်ကြွေးကျန် ချမှတ်တဲ့လုပ်ရပ် အပြင်းအထန်ကန့်ကွက်
မအူပင်အကျဉ်းထောင်မှာ အကျဉ်းကျခံနေ တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ (၁)အရ ထောင်ဒဏ် ၆ နှစ်နဲ့ ၁၀ လ ချမှတ်လိုက်တာကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD) နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်တို့က ဒီကနေ့ သဘောထားကြေညာချက်တွေကို ထုတ်ပြန်လိုက်ပါတယ်။
-
2013-05-09 -
-
-
မအူပင်အကျဉ်းထောင်မှာ အကျဉ်းကျခံနေတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ (၁)အရ ထောင်ဒဏ် ၆ နှစ်နဲ့ ၁၀ လ ချမှတ်လိုက်တာကို ပြင်းပြင်းထန်ထန် ကန့်ကွက်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်တို့က ဒီကနေ့ သဘောထားကြေညာချက်တွေကို ထုတ်ပြန်လိုက်ပါတယ်။
ဒီကြေညာချက်နဲ့ ပတ်သက်ပြီး SNLD အတွင်းရေးမှူး ဦးစိုင်းညွှန့်လွင်က RFA ကို အခုလို ပြောပါတယ်။
“ဒီနိုင်ငံရေးအကျဉ်းသားဟောင်းတွေကို (၄၀၁)(၁)နဲ့ လက်ကျန်ပြစ်ဒဏ် ကျခံတဲ့နှစ်တွေပေါင်းထည့်တာနဲ့ ပတ်သက်လို့ ကန့်ကွက်တဲ့အကြောင်း ကျနော်တို့ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်၊ ဒီနေ့မြန်မာ့နိုင်ငံရေးလောကထဲမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်လှုပ်ရှားနေတဲ့ နိုင်ငံရေးသမားတော်တော်များများဟာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေပဲ၊ သူတို့ကိုဒီလိုလုပ်ပြလိုက်တဲ့အတွက်ကို သူတို့အတွက် အလုပ်လုပ်သွားတာ အင်မတန်ခက်ခဲသွားတယ်၊ တစ်ယောက်နဲ့ တစ်ယောက်ယုံကြည်မှုနည်းသွားတယ်”
လက်ရှိဒီအချိန်ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ဆောင်ရွက်နေချိန်ဖြစ်တာကြောင့် ဒီလုပ်ရပ်ဟာ နိုင်ငံရေးအကျဉ်းသားဟောင်းတွေအားလုံးအပေါ် အကျိုးသက်ရောက်မှု ရှိစေနိုင်တဲ့အတွက် ဗိုလ်ကြီးဟောင်း နေမျိုးဇင်အပါအဝင် အကျဉ်းထောင်တွင်းမှာ ကျန်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိလွှတ်ပေးဖို့ တောင်းဆိုကြောင်း SNLD ရဲ့ သဘောထားကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
အလားတူ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ် ဦးဆောင်အဖွဲ့ဝင် ဦးမြင့်ဝင်းမောင်ကလည်း ဒီသဘောထား ကြေညာချက်ထုတ်ပြန်ရတာနဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။
"လွတ်မြောက်ပြီးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြစ်မှုတစ်ခုကျူးလွန်လိုက်တာနဲ့ နဂိုတုန်းက လွတ်ငြိမ်းချမ်းသာခွင့် ပေးထားသော်လည်း အကြွင်းအကျန်တွေကို ပြန်လည်ပြီးတော့ အပြစ်ဒဏ်ခံရမယ်ဆိုတဲ့ ၄၀၁ အပိုဒ်ခွဲ ၁ နဲ့ ဥပဒေကိုတော့ ကန့်ကွက်တယ်၊ အကျဉ်းသားတွေကို လွတ်ပေးစဉ်က သမ္မတကြီးကနေပြီးတော့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးတွေမှာ ပါဝင်စေလိုတဲ့ဆန္ဒရှိတယ်လို့ဆိုပြီး လွတ်ပေးထားတာကိုး၊ အဲဒီပုဒ်မကနေပြီးတော့ အချိန်မရွေးအကြွေးအကျန်နဲ့ ထောင်ချနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို ကန့်ကွက်စာထုတ်ရတာပါ"
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ချုပ်ရဲ့ သဘောထားကြေညာချက်ထဲမှာ လွတ်ငြိမ်းချမ်းသာခွင့်ပေးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပုဒ်မ (၄၀၁)(၁)နဲ့ ပြစ်ဒဏ်ကြွေးကျန်ထားပြီး လွှတ်ပေးတဲ့ ဒီဥပဒေကို ပြင်းထန်စွာ ကန့်ကွက်တဲ့အကြောင်းပါဝင်ပါတယ်။