ကယားဝန်ကြီးချုပ်ကို စွပ်စွဲသူတဦး တိုင်ကြားမှုကို ပြန်ရုပ်သိမ်း

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုဟာ အခြေခံဥပဒေပါ ပြဌာန်းချက်ကို ဖောက်ဖျက်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ပြည်နယ်လွှတ်တော်ရဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ သူ့ကိုစွပ်စွဲပစ်တင်တဲ့ အဆိုပြုချက်ကို လွှတ်တော်ကိုယ်စားလှယ် ငါးဦးက တင်ပြခဲ့တာပါ။ အဲဒီငါးဦးထဲက တဦးကတော့ သူ့ရဲ့ စွပ်စွဲမှုကို ပြန်ရုပ်သိမ်းတယ်လို့ RFA ကို ပြောပါတယ်။

kayah-mp-622.jpg

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုဟာ အခြေခံဥပဒေပါ ပြဌာန်းချက်ကို ဖောက်ဖျက်တယ်ဆိုတဲ့စွပ်စွဲချက်နဲ့  ပြည်နယ်လွှတ်တော်ရဲ့ စုံစမ်းစစ်ဆေးမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ သူ့ကိုစွပ်စွဲပစ်တင်တဲ့ အဆိုပြုချက်ကို လွှတ်တော်ကိုယ်စားလှယ်ငါးဦးက တင်ပြခဲ့တာပါ။ အဲဒီငါးဦးထဲက တဦးကတော့ သူ့ရဲ့ စွပ်စွဲမှုကို ပြန်ရုပ်သိမ်းတယ်လို့ RFAကိုပြောပါတယ်။

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုကို စုံစမ်းစစ်ဆေးဖို့တိုင်ကြားခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ၅ ဦးကတော့ ဦးခင်မောင်ထွန်း ၊ ဦးသဲရယ်၊ ဦးသိန်းအောင်၊ ဦးစိုးရယ်နဲ့ ဦးအေးရွှေ တို့ဖြစ်ပါတယ်။ အဲဒီအထဲက  ဦးသိန်းအောင်(ခ) စဲရယ်က သူ့ရဲ့တိုင်ကြားမှုကို ပြန်ရုပ်သိမ်းတဲ့ စာကို ပြည်နယ်လွှတ်တော်ဆီတင်ပြထားတယ်လို့ဆိုပါတယ်။

ဦးသိန်းအောင်(ခ)စဲရယ်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကနေ ၂၀၁၅ ရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့သူဖြစ်ပြီး အခုလာမယ့် ရွေးကောက်ပွဲမှာလည်း သူ့ရဲ့ မဲဆန္ဒနယ်ဟောင်းမှာပဲ ပြန်ဝင်ပြိုင်ပါလိမ့်မယ်။ ယခုလို သူ့ရဲ့တိုင်ကြားမှုကို ပြန်ရုပ်သိမ်းရတာက ပါတီကိုထိခိုက်မှာကို စိုးရိမ်တဲ့အတွက်ကြောင့် ကိုယ့်သဘောနဲ့ကိုယ် ရုပ်သိမ်းတာလို့ဆိုပါတယ်။

“ ကျနော်က ဘာဖြစ်လို့လဲဆို ဒီစွပ်စွဲပြစ်တင်မှုက ကျနော်က ဒီ(၅)ဦးကော်မတီထဲမှာ ဘာဖြစ်လို့ကျနော်လုပ်ရလည်းဆိုတာ ကျနော်က လက်ရှိလွှတ်တော်ကိုယ်စားလှယ်တစ်ယောက်လည်း ဖြစ်တဲ့အပြင်၊ လက်ရှိဒီ ၂၀၂၀မှာလည်းပဲ ကျနော်က ယှဉ်ပြိုင်ဖို့အတွက် မဲဆန္ဒနယ်အမှတ်(၁)မှာလည်း ကျနော်ကိုယ်စားလှယ်လောင်းအဖြစ်လည်း ပြန်ပါလာတာ။ ပါလာတဲ့ခါကျတော့ သြော် ဒါတော့မဟုတ်သေးဘူး။ ဒီဟာတော့ ကျနော်တို့ပါတီကိုထိခိုက်နေစေလဲဖြစ်ဆိုတော့ ကျနော်ရဲ့စိတ်ဆန္ဒနဲ့ပါ။ ဘယ်သူရဲ့တိုက်တွန်းချက်၊ ဘယ်သူရဲ့အာဘော်ကြောင့် မပါဘူး။ အဲ့တော့ကျနော်အနေနဲ့ဒါတွေကို ကျနော်ပြန်လည်ပြီးတော့မှ ကျနော်က အဲ့ဒီလက်မှတ်ရေးထိုးပြီးတော့မှ ဒီအဆိုကို ကျနော်ကန့်ကွက်ကြောင်းဆိုပြီးတော့မှ ကျနော်က ပြန်လည်ပြီးတင်ပြတယ်”

ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနဲ့ တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမြင့်မောင်တို့က ဖိအားပေးခဲ့လို့ တိုင်ကြားစာကို သေသေချာချာ မဖတ်ဘဲ လက်မှတ်ထိုးမိခဲ့တာလို့    NLD ပါတီရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ သြဂုတ်လ ၂၀ ရက်နေ့က ဖော်ပြခဲ့ပါတယ်။

ဖိအားပေးလို့ တိုင်ကြားစာကိုလက်မှတ်ထိုးရတယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ စွပ်စွဲသူတွေထဲမှာ တဦးအပါအဝင်ဖြစ်တဲ့ ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသဲရယ်က ပြောပါတယ်။

“ဒီမနက်ပဲ စုံစမ်းစစ်ဆေးရေးကော်မတီဆီ စာဝင်လာတယ်ပေါ့။ သူကလွှတ်တော်ဥက္ကဋ္ဌဆီ စာတင်လာတယ်လို့ပဲ ကျတော်တို့က ဒီစာအရ သိရှိရတယ်။ သူကလည်း အစကတည်းက လက်မှတ်မထိုးချင်ဘဲနဲ့ ဖိအားပေးခံရတယ်ဆိုတာမျိုးတော့ ကျတော်တို့ကလည်း ဒါမဖြစ်နိုင်တဲ့ကိစ္စပေါ့နော်။ အဲဒီအပေါ်မှာလည်း စာမှာတွေ့ရှိထားသလောက်ဆိုရင် စွပ်စွဲပြစ်တင်ဖို့အတွက် လက်မှတ်ရေးထိုးတဲ့အခါမှာ နှစ်ခါတောင်ထိုးတာပေါ့။ ဆိုတော့ အဲလိုနှစ်ခါထိုးရတဲ့အကြောင်းအရင်းကတော့ အပေါ်စာမှာရေးတဲ့ တချို့စာသားတွေက နည်းနည်း အချောသတ်ဖို့အတွက်ကို တစ်ခါပြန်ပြီးမှ အချောသတ်ပြီးမှ လက်မှတ်ထိုးခိုင်းတာပေါ့လေ။ သူကနေပြီးမှ သေချာမဖတ်ဘဲနဲ့ အတင်းထိုးခိုင်းတာတွေ ဖြစ်တယ်။ သေချာမဖတ်ဘဲနဲ့ ထိုးမိတယ်ဆိုတဲ့ပုံစံမျိုးလည်း ပါလာတဲ့ခါကျတော့ ဒါမဖြစ်နိုင်ပါဘူးပေါ့”

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၅) ပုဒ်မ ၂၆၃(က)ပါ ပြဌာန်းချက်တွေကို ဖောက်ဖျက်ကျူးလွန်တဲ့အတွက်  ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကတဆင့် အရေးယူဆောင်ရွက်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ် ၅ ဦးက သြဂုတ်လအစောပိုင်းမှာ အရေးဆိုတင်သွင်းခဲ့ပါတယ်။ ပြည်နယ်အစိုးရက စက်ယန္တရား ပြင်ဆင်ခ၊ ငှားရမ်းခတွေကို  ပြည်သူ့ဘဏ္ဍာထဲ မထည့်တဲ့ကိစ္စ၊ ကယားပြည်နယ်နေ့ အထိမ်းအမှတ်ပြုလုပ်တဲ့ မြေတွေကို ငှားရမ်းတဲ့ ကိစ္စတွေနဲ့ ပတ်သက်နေတယ်လို့ စွပ်စွဲထားတာပါ။

ဒီလိုစွပ်စွဲပစ်တင်ရတာက တက်လာတဲ့အစိုးရတိုင်းကို လွှတ်တော်ကိုယ်စားလှယ်တွေကနေ ထိန်းကျောင်းရမည့်တာဝန်ဖြစ်တယ်လို့  လွှတ်တော်ကိုယ်စားလှယ်ဦးသဲရယ်က ပြောပါတယ်။

“ဒီဟာတွေက လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လုပ်ပိုင်ခွင့်တစ်ခုလည်းဖြစ်တဲ့ခါကျတော့ ဒါလုပ်မှပဲရမှာပေါ့နော်။ နောက်တက်လာမယ့်အစိုးရအတွက်လည်း ဒါ သင်ခန်းစာယူစရာဖြစ်တယ်။ ဆိုတော့ အစိုးရတက်လာတိုင်းက ဒီလိုလုပ်လို့ရတယ်ဆိုတဲ့ဟာမျိုုးတွေက ဒါအခွင့်အရေးပေးသလိုဖြစ်သွားတယ်။ အစိုးရလုပ်ချင်တာလုပ်လို့မရအောင် လွှတ်တော်ဘက်မှာ ထိန်းကျောင်းဖို့ဆိုတဲ့နေရာမှာလည်း ကျတော်တို့မှာ တာဝန်ရှိတယ်ဆိုတဲ့ခါကျတော့ ကျတော်တို့ဒီလိုလုပ်တယ်ဆိုတာ ပြည်သူအတွက်ဖြစ်တယ် ပြည်နယ်အတွက်ဖြစ်တယ် နိုင်ငံတော်အတွက်ဖြစ်တယ်”

ကယားပြည်နယ်အစိုးရဲ့ စက်ယန္တရားငှားတဲ့ကိစ္စနဲ့ပတ်သက်လို့ စာရင်းစစ်ချုပ်ကနေ တွေ့ရှိချက်တွေကို ဇွန်လအတွင်းက ပြုလုပ်တဲ့ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ တင်ပြဆွေးနွေးခဲ့ကြပါတယ်။ ကယားပြည်နယ်စာရင်းစစ်ချုပ် ဦးအောင်မောင်းကတော့ အပြည့်အဝ ပြန်မပေးဘူးလို့ ပြောပါတယ်။

“ ၅နှစ် ကုန်ခါနီးမှ ဝယ်သွားတာပေါ့။ ဝယ်ပြီးတော့မှ ဒီအစိုးရလက်ထက်ကို ဒီယန္တရားတွေကို အပ်ခဲ့တယ်။ အပ်ခဲ့ပြီးတော့မှ သူက ဒီဟာတွေက ဒီတိုင်းထားရင်လည်း ပျက်မှာပဲဆိုပြီးတော့ ဒီအစိုးရတော့ ဌားဖို့လုပ်လိုက်တာပေါ့ ကုမ္ပဏီတွေ၊ ဘာတွေကို ဌားခလည်း တချို့တဝက်ရပါတယ်။ ရတဲ့ဟာလည်း ငွေသွင်းထားတာတွေ့တယ်ပေါ့နော်”

ကယားပြည်နယ်လွှတ်တော်ရဲ့ တိုင်စာပစ်စာလေ့လာဆန်းစစ်ရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာတော့၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ဝယ်ယူခဲ့တဲ့ စက်ယန္တရားတွေ ငှားရမ်းခတွေကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်မှာ မထည့်ပဲ ဖျောက်ဖျက်ထားတဲ့ကိစ္စ၊ လမ်းဦးစီဌာနပိုင် စက်ငှားရမ်းခ ကျပ်သိန်း (၅၅၀) ကို ပြည်နယ်စာရင်းစစ်ချုပ်ရုံး အစီရင်ခံစာမှာ ဖော်ပြထားပေမဲ့လည်း လမ်းဦးစီးဌာနရဲ့ ထွက်ဆိုချက်အရ  လပေါင်း ၃၀ အတွင်း ငှားရမ်းခငွေကျပ် (၃၆၇.၂၄၄) သန်းပဲရခဲ့ပြီး အမှန်တကယ်ရသင့်ငွေက (၉၄၈.၆) သန်းဖြစ်နေတာ စတဲ့ အချက်တွေကို စစ်ဆေးတွေ့ရှိရတယ်လို့ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org