ရခိုင်မှာ နှစ်ရက်အတွင်း လက်နက်ကြီးနဲ့ မိုင်းကြောင့် တစ်ဦးသေ၊ ငါးဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာများလာနေသလို တဖက်မှာလည်း လက်နက်ကြီး၊ မိုင်း စတာတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေတိုးလာနေပါတယ်။ သြဂုတ်လ ၂၂ နဲ့ ၂၃ ရက်နေ့တွေမှာ အရပ်သားသေဆုံးသူ ၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ငါးဦးရှိခဲ့ပါတယ်။

ရသေ့တောင်မြို့နယ် ကျောက်ရံကျေးရွာက ထိခိုက်ဒဏ်ရာရရှိသူများကို ရသေ့တောင်ဆေးရုံကို ပို့ဆောင်စဉ်။ Photo: ဘက္ကါ facebook

ရခိုင်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာများလာနေသလို တဖက်မှာလည်း လက်နက်ကြီး၊ မိုင်း စတာတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေတိုးလာနေပါတယ်။  သြဂုတ်လ ၂၂ နဲ့ ၂၃ ရက်နေ့တွေမှာ အရပ်သားသေဆုံးသူ ၁ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ငါးဦးရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် (မြောက်ပိုင်း) ကျောက်ရံကျေးရွာထဲကို  သြဂုတ်လ ၂၂ ရက်နေ့ ည ၈ နာရီ လောက်က လက်နက်ကြီးကျည် ကျတဲ့အတွက် မိသားစု ၅ ဦး ထိခိုက် ဒဏ်ရာရပြီး ရသေ့တောင်ဆေးရုံမှာ ဆေးကုသမှု ခံယူနေကြရပါတယ်။

အသက် ၅၄ နှစ်အရွယ် ဦးကျော်အေး၊ ဇနီးဖြစ်သူ အသက် ၄၀ အရွယ် ဒေါ်အေးသန်းနု၊ သမီးဖြစ်သူ  ၃ နှစ်အရွယ် မမြတ်လေးသွယ်၊ ညီဖြစ်သူ အသက် ၃၅ နှစ်အရွယ် ဦးထွန်းတင်နဲ့ တူမဖြစ်သူ  ၁၅ နှစ် အရွယ် မခင်နှင်းဝေ တို့ရဲ့ ဦးခေါင်း ခြေလက်တွေမှာ အသီးသီးဒဏ်ရာ ရရှိခဲ့ကြတယ်လို့ ကာယကံရှင်နဲ့ အကူအညီပေးနေသူတွေက ပြောပါတယ်။

ခြေထောက်မှာ ဒဏ်ရာရရှိခဲ့တဲ့ ဦးကျော်အေးက တိုက်ပွဲဖြစ်နေချိန်မဟုတ်ဘဲ  သူတို့အိမ်နားကို လက်နက်ကြီးကျည်တွေ ကျလာတာလို့ RFA ကို ပြောပါတယ်။

“မညင်းတောင်မှာတပ်စွဲထားတဲ့ မြန်မာ့တပ်မတော်က ကျွန်တော်တို့ရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။ ပထမအချက်မှာ ကျွန်တော့အိမ်ရဲ့ အုန်းပင်မှာကျပြီးတော့ ကျွန်တော်တို့ မိသားစု ၄ ယောက် ထိမှန်သွားပါတယ်။ နောက်တစ်ချက်ပစ်တဲ့အခါ ကျွန်တော့တူမကို ထိမှန်သွားပါတယ်။ လက်နက်ကြီးက နှစ်ချက်ပစ်ပါတယ်။"

ကုန်းလမ်း၊ ရေလမ်းတွေ အားလုံး ပိတ်နေတာကြောင့် လူနာတွေကို ဆေးရုံကို ချက်ချင်းမပို့နိုင်ခဲ့ဘဲ နောက်တနေ့မှာမှ ရသေ့တောင်ဆေးရုံကို ပို့ဆောင်နိုင်ခဲ့တယ်လို့လည်း အကူအညီပေးနေသူတွေက ပြောပါတယ်။ လက်ရှိမှာတော့ လူနာတွေအားလုံး ဆေးကုသမှုကို ဆက်လက် ခံယူနေရကြောင်း၊ အသက်အန္တရာယ် မစိုးရိမ်ရကြောင်း ပြောပါတယ်။

မနေ့က နေ့လယ်ပိုင်းမှာလည်း မယူမြစ်မှာ ဆန်တက်လာတဲ့ တပ်မတော်ရေယာဉ်တွေကနေ ဝဲယာကမ်းနှစ်ဘက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ရာမှာ ကုန်းတန်း၊ သမီးလှ အိုးဖောက် အစရှိတဲ့ ကျေးရွာတွေအနီးကို လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက သူတို့ဟာ ကပ်ဘေးထက် လက်နက်ကြီးနဲ့ အပစ်ခံရမှာကိုပဲ စိုးရိမ်နေရတယ်လို့ပြောပါတယ်။

“ကျောက်ရံ၊ အောင်သာစည်ဘက်မှာကလည်း စစ်တပ်က အဲဒီမှာ ထိုးစစ်ဆင်နေတော့ နေ့တိုင်းလိုလိုက ဒီအသံတွေကို ကြားနေရတယ်။ လက်နက်ကြီးသံတွေကိုတော့ ညဘက်တွေမှာ အဓိက ကြားရတယ်။ တိုက်ပွဲတွေကတော့ မရှိလို့တော့ပြောရမှာပေါ့။ ဒါပေမယ့် စစ်တပ်က ပစ်တာတွေတော့ ရှိတယ်။  ကျောက်ရံ အောာင်သာစည်မှာ ငါးယောက် ဒဏ်ရာရတာတို့၊ ကုန်ခဲ့တဲ့ည ဆိုရင်လည်း တစ်ညလုံးကို ထီးစွဲဘက်ကနေပြီး ကျောက်ရံအောင် သာစည်ဘက်တွေကို လှမ်းပစ်နေတာတွေရှိတယ်။ ဒေသခံတွေကတော့ ကိုရိုနာဗိုင်းရပ်စ်ကို စိုးရိမ်ပူပန်မှုထက် လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာကိုပဲ စိုးရိမ်နေကြရတယ်”

တပ်မတော်ဟာ ကိုရိုနာကူးစက်မှု ကြိုတင်ကာကွယ် တားဆီးရေးလုပ်ငန်းတွေကို ခုတုံးလုပ်ပြီးတော့ စစ်အင်အား၊ လက်နက်အင်အားတွေ ဖြည့်တင်းတာနဲ့ စစ်ဆင်ရေးလုပ်ငန်းတွေကို ဆက်တိုက် လုပ်ဆောင်နေပြီး အခု ကျောက်ရံကျေးရွာက အရပ်သား ၅ ဦး ထိခိုက်ဒဏ်ရတာဟာ တိုက်ပွဲမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ရက္ခိုင့်တပ်တော်(AA)က ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အရပ်သားတွေ ထိခိုက်နေရတာဟာ ကျည်ဆန်တွေကြောင့်ချည်းပဲ မဟုတ်ပါဘူး။ သြဂုတ်လ ၂၃ ရက်နေ့က  မင်းပြားမြို့နယ်   အိုးပုန်တောင်ကျေးရွာမှာ ဒေသခံ တစ်ဦး မိုင်းနင်းမိပြီး သေဆုံးသွားပါတယ်။ သေဆုံးသူဟာ အသက် ၆၇ နှစ်အရွယ် ဦးရန်နိုးအောင်ဖြစ်ပြီး အဖော်နှစ်ဦးနဲ့အတူ ကျွဲပျောက်သွားရှာရာမှာ မိုင်းနင်းမိခဲ့တာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

“မနေ့က နေ့လယ် ၁ နာရီလောက်မှာ ဖြစ်သွားတာပါ။ ကျွဲရှာဖို့ သွားရာကနေ နင်းမိတာပါ။ အဲဒီနေရာနဲ့ ရွာနဲ့ဆိုရင် တစ်မိုင်လောက်ပဲဝေးပါတယ်။ သုံးယောက်သွားတာမှာ သူကအလယ်က နင်းမိသွားတာ”

မိုင်းပေါက်တဲ့နေရာဟာ တပ်မတော်ရဲ့ ကန့်သတ်နေရာဖြစ်ပြီး တပ်မတော် တာဝန်ရှိသူတွေက ကျေးရွာလူကြီးတွေကို ဆက်သွယ်ပြီး သေဆုံးသူရဲ့ ရုပ်အလောင်းကို ပြန်ပေးခဲ့တယ်လို့ သူက ပြောပါတယ်။

တိုက်ပွဲ မဖြစ်ဘဲ တပ်မတော်က ပစ်လို့ ရသေ့တောင်မြို့နယ် ကျောက်ရံကျေးရွာက အရပ်သား ၅ ဦး ဒဏ်ရာရတဲ့ကိစ္စ၊ မင်းပြားမြို့နယ်မှာ အရပ်သားတစ်ဦး မိုင်းနင်းမိပြီး သေဆုံးသွားတဲ့ကိစ္စနဲ့ AA အဖွဲ့က ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် သူ့အနေနဲ့ မသိရှိသေးကြောင်း ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်တွေ၊ မြောက်ဦး၊ သံတွဲမြို့နယ်တွေမှာ  သြဂုတ်လ ၂၄ ရက်မနက်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ ၇၂ ဦးအထိ ရှိနေပါတယ်။

RFA က ပြုစုထားတဲ့စာရင်းအရ ရခိုင်ပြည်နယ်မှာ စစ်ရေးပဋိပက္ခကြောင့်  ပြီးခဲ့တဲ့ ၂ဝ၁၈ ဒီဇင်ဘာကနေ  ဒီနေ့အထိ သေဆုံးသူ ၂၈ဝ နဲ့ ထိခိုက်ဒဏ်ရာရသူ ၆၁၅ ဦးအထိ ရှိနေပြီ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org