ကိုယ်စားလှယ်လောင်း ၁၀၀ ကျော်ပယ်ချခံရ၊ ၆၀၆၅ ဦး ယှဉ်ပြိုင်ခွင့်ရရှိ
လာမယ့် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ် ပြိုင်ဖို့ အမည်စာရင်းလျှောက်ထားသူ ၆၁၈၉ ယောက်ရှိရာမှာ ကိုယ်စားလှယ်လောင်းဖြစ်ခွင့် တင်ထားသူ ၁၀၀ ကျော် ပယ်ချခံရပြီး နောက်ဆုံးစာရင်းအရ ကိုယ်စားလှယ်လောင်း ၆၀၆၅ယောက်သာ ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။
-
2015-09-14 -
-
-
လာမယ့် နိုဝင်ဘာလ ၈ရက်နေ့ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အမည်စာရင်းလျှောက်ထားသူ ၆၁၈၉ ယောက်ရှိရာမှာ ကိုယ်စားလှယ်လောင်းဖြစ်ခွင့် တင်ထားသူ ၁၀၀ ကျော် ပယ်ချခံရပြီး နောက်ဆုံးစာရင်းအရ ကိုယ်စားလှယ်လောင်း ၆၀၆၅ယောက်သာ ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။
တစ်နိုင်ငံလုံးအနှံ့ ပယ်ချခံရတဲ့ ကိုယ်စားလှယ်လောင်း တစ်ရာကျော်ထဲမှာ ရန်ကုန်တိုင်းက အများဆုံး ပယ်ချခံရတယ်လို့ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင် အတွင်းရေးမှူး ဦးတင်ဝင်းက ပြောပါတယ်။
"ရန်ကုန်တိုင်းမှာက ၃၁ ယောက်ပယ်ပါတယ်ခင်ဗျ၊ ပြည်သူ့လွှတ်တော်က ၁ဝ ယောက်၊ အမျိုးသားလွှတ်တော်က ၅ ယောက်၊ တိုင်းဒေသကြီးအမှတ် (၁) မှာက ၁ဝ ယောက်၊ တိုင်းဒေသကြီးအမှတ် (၂) မှာက ၆ ယောက်၊ အားလုံး ၃၁ ယောက်၊ ရန်ကုန်တိုင်းမှာ ၃၄ ပါတီပြိုင်တယ်၊ ရန်ကုန်တိုင်းမှာ အခြေပြုတဲ့ပါတီက ပါတီ ၄ဝ ရှိတဲ့အတွက်ကြောင့် ရန်ကုန်က အများဆုံးဖြစ်နေတယ်"
ရွေးကောက်ပွဲဝင်ဖို့အတွက် ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ရက်နေ့ကစပြီး သြဂုတ်လ ၁၄ရက်နေ့အထိ ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင်ထံ အမည်စာရင်းတင်ထားတဲ့ ကိုယ်စားလှယ်လောင်း ၆၁၈၉ ယောက်ရှိခဲ့ တာဖြစ်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်ပေါင်း ၁၁၇၁ နေရာရှိပြီး အဲဒီထဲက ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မြို့နယ် ၄ ခုမှာ အမည်စာရင်း တင်သွင်းသူမရှိတဲ့အတွက် မဲဆန္ဒနယ် ၁၁၅၉ နေရာသာ ကျန်ပါတော့တယ်။
ပယ်ချခံရတဲ့ စာရင်းထဲမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ အမျိုးသားဒီမိုကရေစီအင်အားစု ပါတီတွေအပြင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်တွေလည်း ပါဝင်ပါတယ်။