လှိုင်မြို့နယ်မှာ အရပ်သားတစ်ဦး ပစ်ခတ်သတ်ဖြတ်ခံရ
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ သီရိမြိုင်(၁၀)လမ်းမှာ အသက် ၅၂ နှစ်အရွယ် ဦးကျော်အေး ဆိုတဲ့ အရပ်သားတစ်ဦး ဒီနေ့မနက်က လမ်းပေါ်မှာ သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ အခင်းဖြစ်ရာနေရာကို ရောက်ရှိနေတဲ့ ရပ်ကွက်နေ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
- 2021-06-22
-
-
-
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အမှတ်(၁၃)ရပ်ကွက်၊ သီရိမြိုင်(၁၀)လမ်းမှာ အသက် ၅၂ နှစ်အရွယ် ဦးကျော်အေး ဆိုတဲ့ အရပ်သားတစ်ဦး ဒီနေ့မနက်က လမ်းပေါ်မှာ သေနတ်ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ အခင်းဖြစ်ရာ နေရာကို ရောက်ရှိနေတဲ့ ရပ်ကွက်နေ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
သူဟာ ဒီနေ့မနက် ၆ နာရီခွဲကျော်လောက်က လမ်းပေါ်မှာသွားနေရင်း သေနတ်သမားတွေက နောက်ကနေ နှစ်ချက်ပစ်ခတ်သွားတာလို့လည်း ဆိုပါတယ်။
အခင်းဖြစ်ပြီးနောက် ရဲနဲ့ စစ်သားတွေ ရောက်ရှိလာပြီးနောက် အခင်းဖြစ်နေရာကို မှတ်တမ်းတင်ပြီး ဦးကျော်အေးရဲ့ ရုပ်အလောင်းကို လှိုင်သာယာဆေးရုံ၊ ရင်ခွဲရုံကို ပို့ဆောင်လိုက်တယ်လို့လည်း သိရပါတယ်။
သေဆုံးသွားတဲ့ ဦးကျော်အေးဟာ "အရုဏ်ဦး"လက်ဖက်ရည်ဆိုင်လုပ်ငန်းနဲ့ အသက်မွေးသူဖြစ်သလို လူမှုရေးကိစ္စတွေမှာလည်း ပါဝင်လုပ်ကိုင်သူတစ်ဦးလို့ ပြောပါတယ်။
ဒေသခံအချို့က သူဟာ စစ်ကောင်စီသတင်းပေးလို့ စွပ်စွဲမှုတွေရှိပေမယ့် သူဟာ ယခင်က မဘသ အဖွဲ့နဲ့ ဆက်ဆံရေးရှိခဲ့တာကြောင့် ဒါဟာ ထင်ကြေးနဲ့ ပြောဆိုနေကြတာဖြစ်နိုင်ကြောင်းလည်း အဲဒီရပ်ကွက်မှာ လူမှုကူညီရေးအလုပ်တွေကို လုပ်ကိုင်နေတဲ့ စေတနာ့ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ဦးကျော်အေး သတ်ဖြတ်ခံရမှုဟာ စစ်ကောင်စီ သတင်းပေးလို့ စွပ်စွဲချက်ကြောင့်လား၊ ပုဂ္ဂိုလ်ရေးကိစ္စကြောင့် လား၊ ဘာကြောင့်လဲဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
အာဏာသိမ်းစစ်ကောင်စီကတော့ NLD ပါတီဝင်တွေနဲ့ ပါတီကိုထောက်ခံသူတွေဟာ လူထုအတွင်းမှာ အကြောက်တရားတွေ လွှမ်းမိုးလာစေဖို့ ရည်ရွယ်ချက်နဲ့ ငါ့နဲ့မတူ ငါ့ရန်သူလို့ သဘောထားပြီး အကြမ်းဖက် သတ်ဖြတ်မှုတွေကို ကျူးလွန်နေကြကြောင်း မကြာခဏ စွပ်စွဲထားပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ကပင် ဇွန်လ ၁၁ ရက်နေ့အထိ အခုလို သတ်ဖြတ်ခံရသူပေါင်းဟာ ၁၇၃ ဦး ရှိခဲ့တယ် လို့လည်း စစ်ကောင်စီက ပြောဆိုထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ကတော့ အကြမ်းဖက် အာဏာ သိမ်းထားတဲ့ စစ်ကောင်စီနဲ့ သူတို့ရဲ့အုပ်ချုပ်ရေးယန္တရားကို တိုက်ခိုက်တာဟာ တရားသောစစ်ကို ဆင်နွှဲ နေတာလို့ တုံ့ပြန်ထားပါတယ်။