မြောက်ဒဂုံမှာ လူငယ်တစ်ဦးကို စစ်တပ်က ပစ်သတ်
ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်မှာ နေထိုင်တဲ့ ကိုကောင်းထက်ပိုင်ဟာ ဖေဖော်ဝါရီလ ၉ ရက် မနေ့ မနက်ပိုင်းက သူ့မိခင်နဲ့အတူ ဆိုင်ကယ်နဲ့သွားနေစဉ်မှာ စစ်ကောင်စီလုံခြုံရေး ယာဉ်တန်းတစ်ခုနဲ့တွေ့ပြီး ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြောက်ဒဂုံ ဒေသခံတစ်ဦးက ပြောပါတယ်။
- 2022-02-10
-
-
-
ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ်မှာ နေထိုင်တဲ့ ကိုကောင်းထက်ပိုင်ဟာ ဖေဖော်ဝါရီလ ၉ ရက် မနေ့မနက်ပိုင်းက သူ့မိခင်နဲ့အတူ ဆိုင်ကယ်နဲ့သွားနေစဉ်မှာ စစ်ကောင်စီလုံခြုံရေး ယာဉ်တန်းတစ်ခုနဲ့တွေ့ပြီး ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ လုံခြုံရေးအရ အမည် မဖော်လိုတဲ့ မြောက်ဒဂုံ ဒေသခံတစ်ဦးက ပြောပါတယ်။
မြောက်ဒဂုံမြို့နယ်၊ ၄၈ ရပ်ကွက်၊ ဗိုလ်မှူး ဗထူးလမ်းမပေါ်မှာ ပစ်ခတ်ခံရတာလို့ အဲဒီဒေသခံက ပြောပါတယ်။
"သူ့အမေနဲ့သူက အလုပ်သွားတာ။ ဆိုင်ကယ်နဲ့သွားတာ။ ဆိုင်ကယ် ဦးထုပ်လည်း ဆောင်းထားတယ်။ အဲဒီမှာ ဆိုင်ကယ်ကို ရပ်ခိုင်းတာ မရပ်ပေးလို့ ပစ်တာ။ ကောင် လေးက ရပ်ခိုင်းတာကို မကြားတာလည်း ဖြစ်ရင်ဖြစ်မယ်။ ဘယ်လိုလဲတော့ မသိဘူး။ ကောင်လေးက သေသွားပြီ။ အလောင်းလည်း ပြန်ရတယ် မကြားသေးဘူး။ ဈာပန တွေဘာတွေလည်း မလုပ်ဖို့ ရဲတွေက သူ့အိမ်ကို လာပြောသွားတယ်"
စစ်ကောင်စီ၊ မြောက်ဒဂုံ ရဲစခန်းနဲ့ နီးစပ်သူတစ်ဦးကတော့ စစ်တပ်ယာဉ်တန်း ဖြတ်လာ ချိန်မှာ ဆိုင်ကယ်ကို အရှိန်လျော့ပေးဖို့ ပြောတာကို နားမထောင်ဘဲ လမ်းကြောင်းကို နှောင့်ယှက်လို့ ပစ်ခတ်လိုက်တာဖြစ်တယ် လို့လည်း ဆိုပါတယ်။
မြောက်ဒဂုံမြို့နယ်က စစ်ကောင်စီနဲ့ ပတ်သက်တဲ့နေရာတွေမှာ ဗုံးဖောက်ခွဲမှုတွေ မကြာခဏရှိနေသလို စစ်ကောင်စီဘက်ကလည်း ဧည့်စာရင်းစစ်တာ၊ ဆိုင်ကယ်နဲ့ ကားတွေကို မကြာခဏ တားဆီးစစ်ဆေးတာတွေလည်း ရှိနေတာပါ။
အခုလို လူငယ်တစ်ဦးကို ပစ်ခတ်တဲ့ကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ထုတ်ပြန်တာ မတွေ့ရသေးပါဘူ။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှတ်တမ်းတွေအရ နိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်သားတွေရဲ့ ပစ်ခတ်မှုနဲ့ ဖမ်းဆီးခံရစဉ်ရတဲ့ ဒဏ်ရာ တွေကြောင့် သေဆုံးသူ ၁,၃၅၈ ဦးထက် မနည်း ရှိနေပါတယ်။
စစ်ကောင်စီဘက်ကလည်း ဒလန်လို့ စွပ်စွဲချက်နဲ့ သတ်ဖြတ်ခံရသူတွေ အပါအဝင် ဗုံးဖောက်ခွဲမှုတွေကြောင့် သေဆုံးသူ ၁,၅၃၈ ဦးထက်မနည်းရှိခဲ့ပြီး အသတ်ခံရတဲ့ အစိုးရဝန်ထမ်း ၂၉၂ ဦးရှိတယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။