တန့်ဆည်မှာ စစ်ကောင်စီသတင်းပေးလို့ စွပ်စွဲခံရသူ ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ သပြေရင်းရွာမှာ စစ်ကောင်စီကို သတင်းပေးနေပြီး ဒလန်လို့ စွပ်စွဲခံရသူ တစ်ဦး စက်တင်ဘာ ၁၁ ရက် မနေ့က ညပိုင်းက သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြခဲ့စဉ် Photo: Citizen Journalist

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ သပြေရင်းရွာမှာ စစ်ကောင်စီကို သတင်းပေးနေပြီး ဒလန်လို့ စွပ်စွဲခံရသူ တစ်ဦး စက်တင်ဘာ ၁၁ ရက် မနေ့က ညပိုင်းက သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့က ည ၉ နာရီခွဲလောက်မှာ ဒလံလို့ စွပ်စွဲခံရသူ ဦးလှမြင့်ရဲ့နေအိမ်ကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ရောက်လာပြီး သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

"ဦးလှမြင့် ရဲ့အိမ်ကို ညပိုင်းရောက်လာတာ အင်အားတော့ များမယ်ထင်တယ်။ သူတို့ရောက်လာပြီး သေနတ်သံ ကြားရတော့တာ"

အဲဒီရွာတွေတစ်ဝိုက်မှာ စစ်ကောင်စီတပ်တွေကလည်း ဒီရက်ပိုင်း လမ်းသွား၊ လမ်းလာတွေရဲ့ လက်ကိုင်ဖုန်း တွေကို စစ်ဆေးတာ၊ လုယူထားတာ၊ လူတွေကို ရိုက်နှက်တာနဲ့ ဖမ်းဆီးတာတွေ လုပ်နေတာကြောင့် ဒေသခံ တချို့လည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

တန့်ဆည်မြို့နယ် ကြက်ဆူကန်ရွာက စစ်ကောင်စီသတင်းပေးလို့ နာမည်ကြီးတဲ့ ဦးကျော်ညွန့်တို့ ဇနီး မောင်နှံနှစ်ဦးဟာလည်း သြဂုတ်လ ၂၈ ရက်နေ့က အသတ်ခံခဲ့ရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၂ ရက်နေ့ကလည်း ကန်ကလေးကုန်းရွာက စစ်ကောင်စီလက်အောက်ခံ ပျူစောထီး အဖွဲ့ဝင်လို့ စွပ်စွဲခံထားရသူ ကိုကျားကြီး ဆိုသူလည်း အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တန့်ဆည်မြို့နယ်ထဲမှာ အခု သေဆုံးခဲ့တဲ့သူတွေအပါအဝင် ကံထူးမ၊ ကန်ကလေးကုန်း၊ သပြေရင်းနဲ့ တခြား ရွာတချို့တွေက စစ်ကောင်စီသတင်းပေးလို့ စွပ်စွဲခံရသူ ၁၅ ဦးထက်မနည်း သတ်ဖြတ်ခံကြရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

တန့်ဆည်မြို့ဟာ စစ်တပ်က အာဏာစသိမ်းစဉ်ကာလက လူအင်အား သိန်းနဲ့ချီပြီး အာဏာသိမ်းမှုကို အလိုမရှိကြောင်း ဆန္ဒပြခဲ့တဲ့ မြို့ဖြစ်ပါတယ်။

စစ်တပ်ကလည်း ဆန္ဒပြတဲ့ပြည်သူတွေကို အကြမ်းဖက်ဖြိုခွဲတာ၊ သတ်ဖြတ်တာတွေ လုပ်တဲ့နောက်ပိုင်း တန့်ဆည်မြို့နယ်ထဲက ရွာတချို့မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေဖွဲ့ပြီး စစ်ကောင်စီကို ရရာ လက်နက်စွဲကိုင်ကာ တော်လှန်နေတဲ့ဒေသလည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေကလည်း တန့်ဆည်မြို့ပေါ် အပါအဝင် အဲဒီမြို့နယ်ထဲက ကျေးရွာတွေကို ဝင်ရောက် စီးနင်းတာ၊ နေအိမ်တွေကို ဖျက်ဆီးတာ၊ ရွာသားတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ မကြာခဏ ဆိုသလို ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org