ထိုင်းနယ်စပ် ဒုက္ခသည် စခန်းများမှာနေထိုင် သူ နှစ်သောင်းလျော့ကျ
ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်း အချို့မှာ နေထိုင်သူလူဦးရေဟာ ဘဝတိုးတက်မှုနည်းပါးလာတဲ့အတွက် တဖြည်းဖြည်းလျှော့ကျလာတာ ပြီးခဲ့တဲ့တစ်နှစ်ကာလ အတွင်း နှစ်သောင်းခန့်ရှိသွားပြီလို့ သိရပါတယ်။
-
2013-10-29 -
-
-
ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းအချို့မှာ နေထိုင်သူလူဦးရေဟာ ဘဝတိုးတက်မှုနည်းပါးလာတဲ့အတွက် တဖြည်းဖြည်းလျှော့ကျလာတာ ပြီးခဲ့တဲ့တစ်နှစ်ကာလအတွင်း နှစ်သောင်းခန့်ရှိသွားပြီလို့ သိရပါတယ်။
ထိုင်းနိုင်ငံ နယ်စပ်တစ်လျှောက် ဒုက္ခသည်စခန်း ၉ ခုမှာ ရိက္ခာအကူအညီပေးနေတဲ့ ဒုက္ခသည် အကူအညီပေးရေး TBC အဖွဲ့အစည်းကြီးရဲ့မှတ်တမ်းမှာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလက လူဦးရေ ၁သိန်း ၄သောင်းခန့် နေထိုင်နေကြတယ်လို့ ဖော်ပြခဲ့ပေမယ့် အခုနှစ် စက်တင်ဘာလ စာရင်းဇယားအရတော့ လူဦးရေ ၁သိန်း ၂သောင်းကျော်ပဲရှိတော့ကြောင်း ဖော်ပြပါရှိပါတယ်။
တပ်ခ်ခရိုင်အတွင်းက နို့ဖိုးဒုက္ခသည်စခန်းမှာဆိုရင် နဂိုမူနေထိုင်သူ ဦးရေရဲ့ သုံးပုံတစ်ပုံပဲ ကျန်ရှိတော့တယ်လို့ စခန်းတွင်းနေထိုင်သူတွေက ပြောပါတယ်၊ ဒါဟာ လွန်ခဲ့တဲ့ ၃လခန့်ကစပြီး စခန်းတွင်း ဒုက္ခသည်အချို့ဟာ မိမိတို့ တိုးတက်ရာတိုးတက်ကြောင်းအတွက် အခြားအလုပ်အကိုင်ရှိရာ ဒေသအသီးသီးကို ထွက်ခွာသွားခဲ့ကြတာကြောင့်ဖြစ်ကြောင်း၊ ဒါကြောင့် စခန်းတွင်း PAB ရပ်ကွက်က ကျောင်းသားဦးရေ ၃၀၀ လောက်ရှိတဲ့ အထက်တန်းကျောင်းမှာ စာသင်ပေးမယ့် ဆရာ ဆရာမတွေမရှိတော့လို့ ကျောင်းပိတ်ထားရတယ်လို့ နို့ဖိုးစခန်းတွင်းနေထိုင်သူ ကိုမျိုးမြင့်က ပြောပါတယ်။
ဒါပေမယ့်ပြီးခဲ့ အောက်တိုဘာ ၂၂ ရက်နေ့က တစ်နှစ်စာအတွက် ရိက္ခာထုတ်ပေးမယ့်လူစာရင်း စစ်ဆေးချိန်ကတော့ လူတစ်ချို့ပြန်လာကြပြီး ဒီနောက်ပြန်လည်ထွက်ခွာသွားကြပြန်တယ်လို့လည်း သူကပြောပါတယ်။ အလားတူ ကန်ချနဘူရီခရိုင်က ဘန့်ဒုန်ယမ်းစခန်းမှာလည်း ဒုက္ခသည်ဦးရေလျှော့လာပုံကို စခန်းပြန်ကြားရေးကော်မတီဝင် ကိုထွန်းလွင်က အခုလိုပြောပါတယ်။
“ဗမာပြည် ပြန်ပြီးတော့ စပါးစိုက်တယ်၊ ခြံစိုက်တယ် အဲဒါလည်းရှိတယ်၊ ပြီးတော တခြားဒေသတွေမှာ၊ လာတဲ့နေရာမဟုတ်ဘူးနော်၊ ဥပမာ ထားဝယ်ကလာတယ် ထားဝယ်မပြန်ဘဲ တစ်ချို့ကကျတော့ ဘုရားသုံးဆူအနီးမှာ ခြံသွားစိုက်တဲ့သူရှိတယ်၊ အိမ်သွားဆောက်ပြီး နေတဲ့သူရှိတယ်၊ အဲဒါကျတော့ အနည်းဆုံးခန့်မှန်းခြေဆိုရင် ၄၀၀ နဲ့ ၅၀၀ လောက်ရှိမယ်၊ လျှော့သွားတယ်၊ ဒီစခန်းထဲမှာ စာရင်းရှိနေတဲ့လူက ၃၄၀၀ ကျော်ရှိတယ်၊ ဒါပေမဲ့ စခန်းထဲမှာ လက်ရှိနေတဲ့သူက ၂၈၀၀၊ ၂၉၀၀လောက်ပဲရှိတယ်”
အကြီးဆုံးစခန်းတစ်ခုဖြစ်တဲ့ တက်ခရိုင်က မယ်လဒုက္ခသည်စခန်းကတော့ လူလျှော့သွားတာ အနည်းအကျဉ်းသာရှိပြီး အဲဒီအထဲက အများစုကဟာ တတိယနိုင်ငံကို ထွက်ခွာသွားကြသူတွေဖြစ်တယ်လို့ စခန်းအတွင်းရေးမှူး (၁) စောအယ်ကလောက ပြောပါတယ်။ UNHCR ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ယခုနှစ်စက်တင်ဘာလက စာရင်းဇယားအရတော့ ဒီစခန်း ၉ ခုလုံးမှာ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရသူ စုစုပေါင်း ၈ သောင်းခန့်သာ ကျန်ရှိတော့တယ်လို့ ဖော်ပြထားပါတယ်။