နှမ်းခါးရွာသားတစ်ဦး ရိုက်နှက်ဒဏ်ရာတွေနဲ့ သေဆုံး
မကွေးတိုင်း နှမ်းခါးရွာက ဆွံ့အနားမကြားသူတစ်ဦးဖြစ်တဲ့ အသက် ၆၃ နှစ်အရွယ် ဦးပေတုံးဟာ စစ်ကောင်စီ တပ်သားတွေရဲ့ ရိုက်နှက်စစ်ဆေးတဲ့ဒဏ်ရာတွေကြောင့် ဇန်နဝါရီလ ၈ ရက် မနေ့က သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2022-01-09
-
-
-
မကွေးတိုင်း နှမ်းခါးရွာက ဆွံ့အနားမကြားသူတစ်ဦးဖြစ်တဲ့ အသက် ၆၃ နှစ်အရွယ် ဦးပေတုံးဟာ စစ်ကောင် စီတပ်သားတွေရဲ့ ရိုက်နှက်စစ်ဆေးတဲ့ဒဏ်ရာတွေကြောင့် ဇန်နဝါရီလ ၈ ရက် မနေ့က သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီဇင်ဘာလ ၂၉ ရက်နေ့က စစ်တပ်ကရွာကိုရောက်လာချိန်မှာ ကျေးရွာသားတွေက ကြောက်လန့်ထွက်ပြေး ခဲ့ကြပေမယ့် ဦးပေတုံးဟာ ထွက်မပြေးဘဲ ရွာမှာကျန်ခဲ့ရာကနေ ရိုက်နှက်ခံခဲ့ရတာလို့ ဒေသခံကျေးရွာသား တစ်ဦးက ပြောပါတယ်။
“စစ်သားတွေရောက်လာတော့ အကုန်လုံးကရှောင်ကြတယ်။ သူကစိတ်ဝေဒနာရှင်ဆိုတော့ အဲလိုတွေ မသိဘူးပေါ့။ ကျန်နေခဲ့တာကို စစ်သားတွေက ရိုက်သွားကြတာ။ ရိုက်ခံရတဲ့ ဒဏ်ရာတွေကပြင်းတယ်။ ဆေးကုပေးခဲ့ပေမယ့် မရတော့ဘူးဖြစ်သွားတာ။ စစ်သားတွေရဲ့ ရက်စက်ယုတ်မာမှုက ပြောစရာကို မရှိပါဘူး”
စစ်ကောင်စီတပ်သားတွေဟာ ဒီဇင်ဘာလ ၂၉ ရက်နေ့က နှမ်းခါးရွာမှာ တစ်ညအိပ်စခန်းချပြီး နောက်ထပ် ကျေးရွာသားတစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဆိုပါတယ်။
ဒေသခံတွေက RFA ထံပေးပို့တဲ့ ဦးပေတုံးရဲ့ ရုပ်အလောင်းဓာတ်ပုံမှတ်တမ်းမှာလည်း ဦးခေါင်းမှာ ရိုက်နှက်ခံ ထားရတဲ့ဒဏ်ရာတွေ ပါရှိသလို လည်ပင်းမှာလည်း ညိုမည်းနေတဲ့ဒဏ်ရာတွေကို တွေ့ရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရသေးသလို စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။
နှမ်းခါးရွာဟာ မီးရှို့ခံရမှု အကြိမ်ကြိမ်ဖြစ်ပွားခဲ့တဲ့ ကျေးရွာဖြစ်ပြီး အခုဆိုရင် သတ်ဖြတ်ခံရတဲ့ကျေးရွာသား ခြောက်ဦးအထိ ရှိသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။