ပုဇွန်တောင် ရေကျော်စျေးအနီးမှာ အမျိုးသမီးတစ်ဦး အပစ်ခံရ

ပုဇွန်တောင်မြို့နယ်၊ ရေကျော်လမ်းမကြီးပေါ် ရေကျော်စျေးအနားမှာ အောက်တို ဘာလ ၂၆ ရက်နေ့ မနက် ၉ နာရီခွဲခန့်မှာ စစ်ကောင်စီသတင်းပေး ဒလန်လို့ နာမည်ကြီးနေသူ အမျိုးသမီးတစ်ဦး အပစ်ခံခဲ့ရတယ်လို့ အနားမှာ နေထိုင်သူတွေက ပြောပါတယ်။

ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်က ရေကျော်စျေးကို တွေ့ရစဉ် Photo: Mon Petit Avata

ပုဇွန်တောင်မြို့နယ်၊ ရေကျော်လမ်းမကြီးပေါ် ရေကျော်စျေးအနားမှာ အောက်တိုဘာလ ၂၆ ရက် ဒီနေ့ မနက် ၉ နာရီခွဲချိန်ခန့်မှာ စစ်ကောင်စီသတင်းပေး ဒလန်လို့ နာမည်ကြီးနေသူ အမျိုးသမီးတစ်ဦး အပစ်ခံခဲ့ရတယ်လို့ အနားမှာ နေထိုင်သူတွေက ပြောပါတယ်။

"သေနတ်သံ သုံးချက် ကြားလိုက်ရတယ်၊ မောင်အေး လက်ဖက်ရည်ဆိုင်နဲ့ မျက်နှာချင်းဆိုင်နားပဲ ရေကျော်စျေး ဝင်ပေါက်နားက ချမ်းမြေ့ဆေးဆိုင်ရှေ့နားလောက်မှာ အပစ်ခံရတာ၊ သူယောက်ျားက ဆိုက္ကားနင်းတာ၊ အဲဒီကောင်မလေးက အိမ်ထောင်ကျသွားပြီး ဒလန်လုပ်နေတယ်လို့ သတင်းတွေတော့ ကြားတာပဲ၊ ရှောင်နေတာကြာပြီ၊ ပြန်ပေါ်လာတာ ရက်ပိုင်းပဲရှိသေးတယ်။ အပစ်ခံရတာ ချက်ကောင်း မထိလို့ မသေဘူးလို့ ကြားတယ်" လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အနီးအနားမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

အပစ်ခံရတဲ့ အမျိုးသမီးဟာ အသက် ၂၀ ဝန်းကျင်ရှိပြီး ကျည်ဆန်သုံးချက် ထိမှန်သေဆုံးသွားတာလို့ အနီးအနား နေထိုင်သူအချို့က လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ရေးသားနေကြပေမယ့် RFA အနေနဲ့ သီးခြား အတည်ပြု နိုင်ခြင်း မရှိသေးပါဘူး။

ပစ်ခတ်မှုဖြစ်သွားပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေ ရောက်လာပြီး ရေကျော်လမ်းမကြီး တစ်လျှောက် စစ်ဆေးတာတွေလုပ်နေတယ်လို့ ဒေသခံက ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org