ဒီမိုကရေစီပါတီမိတ်ဆွေများအဖွဲ့မှ ဒီငြိမ်း နုတ်ထွက်

ဒီမိုကရေစီပါတီ ၆ ခုနဲ့ဖွဲ့စည်းထားတဲ့ ဒီမိုကရေစီပါတီမိတ်ဆွေများအဖွဲ့ထဲက သူတို့ နုတ်ထွက်လိုက်ပြီ ဖြစ်ကြောင်း ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးပါတီ (ဒီငြိမ်းပါတီ) က ဒီကနေ့ အောက်တိုဘာ ၁၃ ရက်မှာ ကြေညာလိုက်ပါတယ်။

စစ်အစိုးရက ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ၏ ဥက္ကဋ္ဌ ဒေါက်တာ သန်းငြိမ်း သြဂုတ်လ ၁၉ ရက်နေ့က မန္တလေး ပါတီရုံး ဖွင့်ပွဲတွင် မိန့်ခွန်းပြောကြား နေပုံ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

စီးပွားရေးလုပ်ငန်းရှင် ဦးလှမောင်ရွှေက NDF အပါအဝင် နိုင်ငံရေးပါတီတချို့ကို ငွေကြေး ကူညီ ထောက်ပံ့ထားတယ်ဆိုတဲ့ ပြည်တွင်းထုတ် ဂျာနယ်တစောင်မှာ ပါရှိတဲ့ ပြောဆိုချက်ကို NDF ခေါင်းဆောင်တွေရဲ့ ရှင်းလင်းချက်နဲ့ ပတ်သက်ပြီး အခုလို မိတ်ဆွေပါတီများအဖွဲ့ဝင်အဖြစ်က နုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ကြောင်း ဒီငြိမ်းပါတီဥက္ကဋ္ဌ ဦးအောင်သန်ုးက RFA ကို ပြောပါတယ်။

“ပထမ သူ Myanmar Post မှာ ထုတ်ဖော် ပြောကြားထားတာဟာ ဟုတ်မဟုတ်၊ ဟုတ်ရင် ဘာ့ကြောင့် ဆိုတာလေးကို သူ ရှင်းရမှာပေါ့။ လက်ခံထားတဲ့ ပါတီကလည်းပဲ သူပေးပါတယ်လို့ သူက ပြောထားတာကို သူကလည်း ဟုတ်မဟုတ် ရှင်းရမှာပေါ့။ အဲဒီလို သူတို့က မရှင်းပဲနဲ့ လက်ခံထားတဲ့ ပါတီကလည်း တခြား မဟုတ်ပါဘူး၊ အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီပါ။ သူတို့က ရှင်းတဲ့အခါမှာ သူတို့သည် ယူတယ်၊ ဒါပေမယ့် လူပုဂ္ဂိုလ်အရ ယူတာ၊ ပါတီအနေနဲ့ ယူတာ မဟုတ်ဖူးလို့ အဲဒီလို သူတို့က ရှင်းတယ်။ အဲဒီတော့ ပထမဟာနဲ့ ဒုတိယဟာနဲ့ ကွဲလွဲချက်အပေါ်မှာ မူတည်ပြီးတော့ ကျွန်တော်တို့က ဟာ အဲဒါ ကျွန်တော်တို့ လက်မခံနိုင်ဘူး၊ ဦးလှမောင်ရွှေဆီကနေ ယူတယ် ဆိုတာကတော့ ပေါ်သွားပြီ။ အဲဒီအပေါ်မှာ အဲလို ယူလိုက်တယ်ဆိုတာနဲ့ တပြိုင်နက်တည်း ကျွန်တော်တို့ မဲဆန္ဒရှင် ပြည်သူတွေကနေ အထင်အမြင် လွဲစရာတွေ အများကြီး ပေါ်လာပါတယ်။”

“ဒါနဲ့ပဲ ကျွန်တော်တို့က ရှင်းရှင်းလင်းလင်းပဲ လုပ်လိုက်ကြစို့ ဆိုပြီးတော့ ကျွန်တော်တို့ အစည်းအဝေး ထိုင်ပြီးတော့ကာ ဒီနေ့ကနေ စပြီးတော့ကာ ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှု လုပ်ကိုင်တော့မည် မဟုတ်ကြောင်း ဆိုပြီးတော့ ကျွန်တော်တို့က အဲဒီလို ကျွန်တော်တို့ ရေးသားပြီးတော့ သူတို့ဆီကို ပေးပို့လိုက်တာပါ။”

ဒီငြိမ်းပါတီအနေနဲ့ စစ်အစိုးရနဲ့ ဆက်နွယ်နေတဲ့ ဘယ်လုပ်ငန်းရှင်၊ ဘယ်အလှူရှင်တွေနဲ့မှ ပတ်သက် ဆက်နွယ်မှု မရှိကြောင်းနဲ့ ဦးလှမောင်ရွှေရဲ့ ပြောဆိုချက်ကြောင့် မဲဆန္ဒရှင်ပြည်သူတွေ သူတို့ ပါတီအပေါ် ထင်ယောင်ထင်မှား ဖြစ်မှာကို မလိုလားတဲ့အတွက် သက်ဆိုင်ရာပါတီတွေရဲ့ ရှင်းလင်းချက် မရမချင်း အဖွဲ့ဝင်အဖြစ်က ယာယီနုတ်ထွက်ဖို့ ပြီးခဲ့တဲ့ သီတင်းပတ်က ဆုံးဖြတ်ခဲ့ပါတယ်။

ဦးလှမောင်ရွှေ ထောက်ပံ့ပေးထားတယ်ဆိုတဲ့ NDF ပါတီရဲ့ ရှင်းလင်းချက်နဲ့ ဦးလှမောင်ရွှေရဲ့ ရှင်းလင်းချက် ကွဲလွဲနေတာကို တွေ့ရတဲ့အတွက် ဒီမိုကရေစီ မိတ်ဖက်ပါတီများ အဖွဲ့ဝင်အဖြစ်က နုတ်ထွက်ဖို့ အဖွဲ့ခေါင်းဆောင်တွေက ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org