မီးရှို့သတ်ဖြတ်ခံရသူနှစ်ဦးသတင်းမျှဝေရင်း အွန်လိုင်းမှာ ဆုတောင်းပေးသူ ဖမ်းဆီးခံရ
ဖေဖော်ဝါရီ ၈ ရက်နေ့မှာတော့ လက်ထိပ်ခတ်ဖမ်းဆီးခံထားရတဲ့ မန္တလေးမြို့က မယွန်းစန္ဒီမောင် ဓာတ်ပုံတွေနဲ့အတူ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်စာမျက်နှာတွေမှာ ဖြန့်ဝေထားပါတယ်။
-
RFA Burmese
2024-02-09 -
-
-
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင်ရန်းရွာမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF လူငယ်နှစ်ဦး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရတဲ့ သတင်းကို ဖေ့ဘွတ်စ်လူမှုကွန်ရက်မှာ ပြန်လည်မျှဝေခဲ့တဲ့ မန္တလေးမြို့က အမျိုးသမီးတစ်ဦးကို ဖေဖော်ဝါရီ ၈ ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီထောက်ခံတဲ့ တယ်လီဂရမ်စာမျက်နှာတွေမှာ ရေးသားဖော်ပြကြပါတယ်။
ယောကာကွယ်ရေးတပ်ဖွဲ့ (YDF) အဖွဲ့ဝင်နှစ်ဦးကို အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခဲ့တဲ့ ရုပ်သံဖိုင်ဟာ ဖေဖော်ဝါရီ ၆ ရက်နေ့က လူမှုကွန်ရက်မှာ ပျံနှံ့လာသလို ယောကာကွယ်ရေးတပ်ဖွဲ့ကလည်း သူတို့တပ်ဖွဲ့ဝင် နှစ်ဦး ဖမ်းဆီးခံခဲ့ရပြီး ပျူစောထီးတပ်ဖွဲ့တွေက သတ်ဖြတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဒီအကြောင်း ရေးသားထားတဲ့ သတင်းတွေကို လူမှုကွန်ရက်မှာ ပြန်လည်မျှဝေသူတွေကို ဖမ်းဆီးအရေးယူဖို့ စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရန်စာမျက်နှာတွေမှာ ဆက်တိုက်လှုံ့ဆော်နေကြတာဖြစ်ပါတယ်။
ဖေဖော်ဝါရီ ၈ ရက်နေ့မှာတော့ လက်ထိပ်ခတ်ဖမ်းဆီးခံထားရတဲ့ မန္တလေးမြို့က မယွန်းစန္ဒီမောင် ဓာတ်ပုံတွေနဲ့အတူ စစ်တပ် ဝါဒဖြန့် တယ်လီဂရမ်စာမျက်နှာတွေမှာ ဖြန့်ဝေထားပါတယ်။
သူဟာ မြောက်ခင်ရန်းရွာမှာ လူငယ်နှစ်ဦး အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခံရတဲ့ သတင်းကို သူ့ရဲ့ဖေ့ဘွတ်လူမှုကွန်ရက်စာမျက်နှာမှာ မျှဝေရင်း နောက်ဘဝကျရင် အေးချမ်းတဲ့နိုင်ငံတွေမှာ လူဖြစ်ပါစေဆိုပြီး ဆုတောင်းခဲ့တာဖြစ်ပါတယ်။
အသက် ၁၈ နှစ်အရွယ် ယွန်းစန္ဒီမောင်ကို မန္တလေးမှာရှိတဲ့ သူ့နေအိမ်မှာ ဝင်ရောက်ဖမ်းဆီးခဲ့တာလို့လည်း ဆိုပါတယ်။ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။ ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာထုတ်ပြန်တာမရှိသေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီဘက်ကတော့ ဒီမြောက်ခင်ရန်းရွာဖြစ်စဉ်ဟာ သူတို့ကျူးလွန်တာမဟုတ်ဘူးလို့ သူတို့ထိန်းချုပ်ထားတဲ့မီဒီယာတွေကတဆင့် ငြင်းဆိုထားပါတယ်။
လူမှုကွန်ရက်ကနေ လှုံ့ဆော်ဝါဒဖြန့်တာ၊ ခြိမ်းခြောက်တာတွေပြုလုပ်ရင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က ၊ ပုဒ်မ ၅၀၅-က ၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က) အပြင် တည်ဆဲဥပဒေတွေနဲ့ အရေးယူခံရမယ်လို့ ၂၀၂၂ ဇန်နဝါရီလ ၂၅ ရက်မှာ စစ်ကောင်စီက ကြေညာခဲ့ပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် စက်တင်ဘာလကုန်အထိ အဲဒီလိုပုဒ်မတွေနဲ့ လူပေါင်း ၁၃၁၆ ဦး ဖမ်းဆီးခံထားရတယ်လို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လေ့လာစောင့်ကြည့်နေတဲ့ Data for Myanmar အဖွဲ့က ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၈ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
အင်တာနက် လွတ်လပ်ခွင့် ဖိနှိပ်ချိုးဖောက်ခံနေရတဲ့ မြန်မာနိုင်ငံဟာ တရုတ်ပြီးရင် ကမ္ဘာ့နိုင်ငံတွေထဲမှာ ဒုတိယ အဆိုးဆုံးနိုင်ငံဖြစ်နေတယ်လို့ အမေရိကန်အခြေစိုက် Freedom House အဖွဲ့က ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၄ ရက်နေ့က ထုတ်ပြန်တဲ့အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။