ငွေလိမ်ဂိုဏ်းနဲ့ဆက်စပ်သူ တရုတ်နိုင်ငံသား နှစ်ထောင်ကျော် တရုတ် ထပ်မံလွှဲပြောင်းယူ

မြန်မာနိုင်ငံထဲက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်နေတယ်လို့ယူဆရသူ တရုတ်နိုင်ငံသား ၂,၃၄၉ ဦးကို ထပ်မံ လွှဲပြောင်းရယူခဲ့တယ်လို့ တရုတ်အစိုးရ ပြည်သူ့လုံခြုံရေးဌာနက အောက်တိုဘာ ၁၆ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။

ကိုးကန့်ဒေသမှ တရုတ်နိုင်ငံသား ၃၃၇ ဦးအား ၂ဝ၂၃ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က တရုတ်ဘက်သို့ လွှဲပြောင်းပေးခဲ့စဉ်။ ကိုးကန့်ဒေသသတင်းလွှာ

မြန်မာနိုင်ငံထဲက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်နေတယ်လို့ယူဆရသူ တရုတ်နိုင်ငံသား ၂,၃၄၉ ဦးကို ထပ်မံ လွှဲပြောင်းရယူခဲ့တယ်လို့ တရုတ်အစိုးရ ပြည်သူ့လုံခြုံရေးဌာနက အောက်တိုဘာ ၁၆ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၁၄ ရက်နေ့က လွှဲပြောင်းရယူခဲ့တာဖြစ်ပြီး အဲဒီသံသယရှိသူတွေထဲမှာ တရားခံပြေး ၁၁၁ ဦး ပါဝင်တယ်လို့ဆိုပါတယ်။

လတ်တလော နယ်စပ်ဥပဒေ စိုးမိုးရေးအတွက် မြန်မာနဲ့တရုတ် အာဏာပိုင်တွေကြား ပူးပေါင်းဆောင်ရွက်မှုကနေ အခုလို လွှဲပြောင်းခဲ့တာလို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိအချိန်ထိ မြန်မာနိုင်ငံမြောက်ပိုင်းက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်တယ်လို့ ယူဆရသူ စုစုပေါင်း ၄,၆၆၆ ဦးကို တရုတ်နိုင်ငံဘက် လွှဲပြောင်းယူခဲ့ပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဩဂုတ်လကစတင်ပြီး အွန်လိုင်း ငွေလိမ်လည်မှုတွေ ၂၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး အခုလို လိမ်လည်မှုတွေကြောင့် ပိုင်ဆိုင်မှု ဆုံးရှုံးရမှုတွေကလည်း ၂၀ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့တယ်လို့ တရုတ် ပြည်သူ့လုံခြုံရေးဌာနက ဖော်ပြထားပါတယ်။

တရုတ်နိုင်ငံဟာ အောက်တိုဘာ ၁၀ ရက်နေ့ကလည်း “ဝ”ပြည် သွေးစည်းညီညွတ်ရေး တပ်ဖွဲ့ (UWSA) အရာရှိနှစ်ဦးကို အွန်လိုင်း ငွေလိမ်တဲ့လုပ်ငန်းတွေမှာ ပါဝင်ပတ်သက်မှု ရှိတယ်ဆိုပြီး ဖမ်းဝရမ်း ထုတ်ထားပါတယ်။

တရုတ် ပြည်သူ့လုံခြုံရေးဌာနရဲ့ အောက်တိုဘာလ ၁၆ ရက် ထုတ်ပြန်ချက်အရ မြန်မာနယ်စပ်တစ်လျှောက်ကနေ အခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့အထိ အွန်လိုင်း ငွေလိမ်မှုနဲ့ဆက်စပ်တယ်လို့ သံသယရှိသူ ၄,၆၆၆ ဦးကို လွှဲပြောင်းလက်ခံခဲ့ပြီး အဲဒီထဲမှာ အွန်လိုင်းတရားခံပြေး ၂၀၅ ဦးပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org