မူဆယ်မှာ ငွေလိမ်ဂိုဏ်းကို စစ်ကောင်စီဖမ်းဆီးချိန် ပစ်ခတ်မှုဖြစ်ပွား

စက်တင်ဘာ ၂၃ ရက်နေ့ကစပြီး မူဆယ်မြို့၊ မန့်ဝိန်းနဲ့ စွမ်စော်ရပ်ကွက် ခူးဝိန်းနယ်မြေမှာရှိတဲ့ အွန်လိုင်းငွေလိမ်သူတွေကို စစ်ကောင်စီက ဖမ်းဆီးနေတာလို့ ဆိုပါတယ်။

၂ဝ၁၆ ခုနှစ်က တွေ့မြင်ရသည့် မူဆယ်မြို့အဝင်တစ်နေရာ မြင်ကွင်း။ Photo: RFA

မြန်မာ-တရုတ်နယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာရှိတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းကို စစ်ကောင်စီက ဝင်ရောက်ဖမ်းဆီးချိန် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကို ပြောပါတယ်။

စက်တင်ဘာ ၂၃ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်မ (၉၉)နဲ့ ရဲတပ်ဖွဲ့တွေက မင်္ဂလာမူဆယ်မှာရှိတဲ့ တရားမဝင် အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ လုပ်ကိုင်သူတွေကို ဝင်ရောက်ဖမ်းဆီးချိန် အဲ့ဒီနေရာကို လုံခြုံရေးယူထားပေးတဲ့ မန့်ပိန်းပြည်သူ့စစ်က စစ်ကောင်စီကို စတင်ပစ်ခတ်ခဲ့တယ်လို့ တော်ရွက်အုပ်ချုပ်ရေးမှူးနဲ့နီးစပ်တဲ့ အမည်မဖော်လိုသူတစ်ယောက်က RFA ကို ပြောပါတယ်။

“ပစ်တာက သူတို့ နာရီဝက်လောက်ရှိမယ်ထင်တယ်။ ကြိုကြား ကြိုကြား ပစ်ကြတယ်။ စစ်တပ်ဘက်က အရာရှိနှစ်ယောက်နဲ့ တပ်သားနှစ်ယောက် အားလုံး လေးယောက်လောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရတယ်”

စက်တင်ဘာလ ၂၃ ရက်နေ့ မနက် ၅ နာရီလောက်ကစပြီး မူဆယ်မြို့၊ မန့်ဝိန်းနဲ့ စွမ်စော်ရပ်ကွက် ခူးဝိန်းနယ်မြေမှာရှိတဲ့ တရားမဝင် အွန်လိုင်းငွေလိမ်သူတွေကို စစ်ကောင်စီက စတင်ဖမ်းဆီးနေတာဖြစ်ပြီး အယောက်တစ်ရာဝန်းကျင် ဖမ်းဆီးခံရတယ်လို့လည်း ဆိုပါတယ်။

“တရုတ်ဘက်က အွန်လိုင်းလိမ်လည်မှု ကျားဖြန့်လုပ်တဲ့သူတွေကို ဖမ်းဖို့ ပြောတယ်လို့ ကျွန်တော်တို့ သိရတယ်။ ဒီနေ့ ဓာတ်ပုံထဲမှာ ကျွန်တော်တို့ တွေ့ရသလောက်က ဖမ်းဆီးရမိတာ ၁ဝဝ ဝန်းကျင်လောက်ရှိမှာပါ။ အဲ့ထက် ပိုရင်လည်း ပိုနိုင်တယ်။ ကျွန်တော်တို့ အသေးစိတ် အချက်အလက်မသိရသေးဘူး”

ဒါနဲ့ပတ်သက်လို့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေဆိုပါဘူး။

မူဆယ်မြို့ဟာ ၁ဝ၂၇ စစ်ဆင်ရေးကာလအတွင်း တိုက်ပွဲမဖြစ်တဲ့ မြို့တစ်မြို့ဖြစ်ပြီး လက်ရှိအချိန်ထိ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်တဲ့ မြို့တစ်မြို့ဖြစ်ပါတယ်။

မူဆယ်မြို့နယ်မှာ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် ၁၅ ဖွဲ့ထက်မနည်း ရှိပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့ကလည်း စွမ်စော်ရပ်ကွက်အတွင်း ပြည်သူ့စစ်အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org