မြန်မာကျားဖြန့်လုပ်ငန်းတွေက မလေးရှားနိုင်ငံသားတွေ လွတ်မြောက်ရေး မိသားစုတွေ တောင်းဆို

ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူတွေကို ထိုင်းအစိုးရက ဖိအားပေးဖို့ မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူအခြေစိုက် ထိုင်းသံရုံးရှေ့မှာ မိသားစုဝင်တွေက တောင်းဆိုခဲ့တာလို့ ဆိုပါတယ်။

အွန်လိုင်းငွေလိမ်လုပ်ငန်းနှင့်ပတ်သက်သူ နိုင်ငံခြားသား ၂၆၀ ကျော်ကို ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် မြဝတီမြို့တောင်ဘက် ကျောက်ခတ်ကျေးရွာ DKBA ဂိတ်မှ ထိုင်းနိုင်ငံသို့ လွှဲပြောင်းပေးနေစဥ်။ Citizen Photo

မြန်မာနိုင်ငံက အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တွေမှာ ဖမ်းဆီးခံထားရတဲ့ မလေးရှားနိုင်ငံသားတွေ ပြန်လွတ်မြောက်ဖို့အတွက် သက်ဆိုင်ရာမိသားစုဝင်တွေက ထိုင်းအစိုးရကို တောင်းဆိုလိုက်ကြောင်း South China Morning Post က ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ဖော်ပြပါတယ်။

ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူတွေကို ထိုင်းအစိုးရက ဖိအားပေးဖို့ မလေးရှားနိုင်ငံ မြို့တော် ကွာလာလမ်ပူအခြေစိုက် ထိုင်းသံရုံးရှေ့မှာ မိသားစုဝင်တွေက တောင်းဆိုခဲ့တာလို့ ဆိုပါတယ်။

မြန်မာအာဏာပိုင်တွေက မြဝတီမြို့က ငွေလိမ်ဂိုဏ်းတွေမှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံခြားသား ၂၆၁ ဦး ထိုင်းနိုင်ငံကို ဖေဖော်ဝါရီ ၁၂ ရက်နေ့က လွှဲပြောင်းပေးခဲ့ပြီး အဲဒီအထဲမှာ မလေးရှားနိုင်ငံသား ၁၅ ဦး ပါဝင်တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

ဒီနှစ်ပိုင်းတွေမှာ မြန်မာနိုင်ငံက ကျားဖြန့်ဂိုဏ်းတွေထံ ရောက်ရှိသွားတဲ့ မလေးရှားနိုင်ငံသား ထောင်နဲ့ ချီရှိနိုင်ပြီး တချို့က ဆန္ဒအလျောက် သွားရောက်တာဖြစ်သလို တချို့ကလည်း လိမ်လည်ခေါ်ဆောင်ခံရတာနဲ့ လူကုန်ကူးခံရတာတွေ ရှိနေတယ်လို့ ဆိုပါတယ်။

အများစုဟာ ပြန်ပေးငွေ ဒါမှမဟုတ် ထွက်ပြေးလွတ်မြောက်တာရှိပေမဲ့ ဆယ်နဲ့ချီပြီး လွတ်မြောက်ဖို့ကျန်ရှိနေ တယ်လို့ South China Morning Post က ဖော်ပြပါတယ်။

ဖေဖော်ဝါရီ ၆ ရက်နေ့ကလည်း အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ခိုင်းစေခံနေရတဲ့ မလေးရှားနိုင်ငံသားတစ်ဦး အပါအဝင် နိုင်ငံခြားသား ၆၁ ဦး ကို ကရင်နယ်ခြားစောင့်တပ် (BGF) က ထိုင်းစစ်တပ်ထံ လွှဲပြောင်းပေးခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org