အွန်လိုင်းငွေလိမ်သူ ၁၅ဝဝ နီးပါး တရုတ်-မြန်မာ ပူးပေါင်းဖမ်းဆီး

မြန်မာနဲ့တရုတ်နှစ်နိုင်ငံ ပူးပေါင်းပြီး လတ်တလောအထိ ငွေလိမ်တဲ့ လူပေါင်း ၁၄၈၂ ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပြီး အဲဒီလူတွေကို လွှဲပြောင်းယူခဲ့တယ်လို့လည်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြောပါတယ်။

'ဝ' ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် ပါဝင်လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားများအား UWSA 'ဝ' တပ်ဖွဲ့က ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့တွင် နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးနေစဉ်။ WSTV

မြန်မာပြည်တွင်း အခြေစိုက်ပြီး အွန်လိုင်းငွေလိမ်ဂိုဏ်းလုပ်နေတဲ့သူ တရုတ်နိုင်ငံသား ၁ဝ၉ ယောက်ကို ထပ်မံဖမ်းဆီးနိုင်ခဲ့တယ်လို့ တရုတ်အစိုးရပိုင် China Daily သတင်းမှာ စက်တင်ဘာလ ၁၈ ရက်နေ့က ဖော်ပြပါတယ်။

မြန်မာနဲ့ တရုတ်နှစ်နိုင်ငံ ပူးပေါင်းပြီး လတ်တလောအထိ ငွေလိမ်တဲ့ လူပေါင်း ၁၄၈၂ ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပြီး၊ အဲဒီလူတွေကို လွှဲပြောင်းယူခဲ့တယ်လို့လည်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီနှစ်ပိုင်းအတွင်း တခြားအာဆီယံနိုင်ငံတွေမှာလည်း ငွေလိမ်ဂိုဏ်းနှိမ်နင်းတာတွေ တိုးလုပ်လာတာကြောင့် အဲဒီငွေလိမ်ဂိုဏ်းတွေဟာ တရုတ်-ယူနန်ပြည်နယ်နဲ့နီးတဲ့ မြန်မာပြည်မြောက်ပိုင်းထဲ ပြောင်းရွှေ့လုပ်ကိုင်လာကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဖမ်းဆီးခံရသူတွေကို စုံစမ်းစစ်ဆေးပြီး ကွင်းဆက်လိုက်နိုင်အောင်လုပ်ဖို့ ယူနန်ပြည်နယ်ထဲ တရုတ်လုံခြုံရေးတပ်ဖွဲ့တွေကို လွှတ်ထားတယ်လို့လည်း ဆိုပါတယ်။

အဲဒီငွေလိမ်ဂိုဏ်းတွေမှာ မြန်မာနိုင်ငံသားတွေကို အဓမ္မ ဖိအားပေးခိုင်းနေပြီး လူကုန်ကူးတာပါရှိနေတယ်လို့ အဲဒီလုပ်ငန်းတွေကနေ ပြန်လွတ်လာသူတွေက RFA ကိုပြောပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်တွေ ထိန်းချုပ်တဲ့ မြန်မာ-ထိုင်းနယ်စပ် ရွှေကုက္ကိုဒေသ၊ ကိုးကန့်ဒေသ ချင်းရွှေဟော်၊ ဝ တပ်ဖွဲ့ UWSA ထိန်းချုပ်တဲ့ မြန်မာ-တရုတ်နယ်စပ် လောက်ကိုင်ဒေသက ပန်ဆန်း၊ မိုင်းပေါက်၊ ဝိန်းကောင်ဒေသတွေမှာ တရုတ်နိုင်ငံသားတွေ ဦးဆောင်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ လှုပ်ရှားနေတာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org