ငွေလိမ်ဂိုဏ်းသံသယရှိသူ နိုင်ငံခြားသား ၁၄ ဦး ထပ်မံဖမ်းဆီးရမိကြောင်း MNDAA ပြော
2024.02.07

ကိုးကန့်ဒေသအတွင်းမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ဆက်စပ်တယ်လို့ သံသယရှိတဲ့နိုင်ငံခြားသား ၁၄ ဦးကို ထပ်မံဖမ်းဆီးရမိတယ်လို့ (MNDAA) က ဖေဖော်ဝါရီ ၆ ရက်မနေ့က တရုတ်ဘာသာနဲ့ သတင်းထုတ်ပြန်ပါတယ်။
အဲဒီ ၁၄ ဦးကို ရန်လုံကျိုင်းနယ်စပ်က နေအိမ်တစ်လုံးမှာဖမ်းဆီးရမိတာလို့ ဆိုပါတယ်။
ဖမ်းဆီးရမိသူတွေကို နိုင်ငံခြားသား မှုခင်းစုံစမ်းရေးဌာနကိုလွှဲပြောင်းထားပြီး စိစစ်သွားမယ်လို့ (MNDAA) ရဲ့ သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားတာပါ။
ကိုးကန့်ဒေသမှာ အွန်လိုင်းငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်သူ၊ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေနဲ့ လက်နက်ခဲယမ်းရောင်းဝယ်၊ ကိုင်ဆောင်သူတွေကို ဖမ်းဆီးရမိရေး (MNDAA) ဘက်က အခုလ ၁ ရက်ကစပြီး စစ်ဆင်ရေးတစ်ရပ်အနေနဲ့ ဆောင်ရွက်နေတာပါ။
ဖေဖော်ဝါရီ ၃ ရက်ကလည်း လောက်ကိုင်မြို့ တုံချိန်နဲ့ စွမ်ဟော့ချိန်ရပ်ကွက်မှာ နိုင်ငံခြားသား ၃၆ ဦးဖမ်းဆီးရမိခဲ့ပြီး အဲဒီအထဲက တရုတ်နိုင်ငံသား ၂၃ ဦးကို အခုလ ၅ ရက်နေ့မှာ မြန်မာ-တရုတ် နယ်စပ်မျဉ်း BP-125 ကနေ တရုတ်နိုင်ငံ တာဝန်ရှိသူတွေထံ ပြန်လည်လွှဲပြောင်းပေးခဲ့တယ်လို့ (MNDAA) ကထုတ်ပြန်ထားပါတယ်။
တရားဝင်နေထိုင်မယ့် နိုင်ငံခြားသားတွေအနေနဲ့ မှတ်ပုံတင်ဖို့နဲ့ ယာယီနေထိုင်ခွင့်လက်မှတ်ရဖို့ ဖေဖော်ဝါရီလ ၄ ရက်ကစ ဆောင်ရွက်ပေးနေပြီး နေအိမ်တွေမှာလည်း နိုင်ငံခြားသားတွေနေထိုင်တာ ရှိ၊ မရှိ လိုက်လံစစ်ဆေးနေတယ်လို့ လောက်ကိုင်မြိုခံတစ်ဦးကပြောပါတယ်။
ကိုးကန့်ဒေသအတွင်း ဖမ်းဆီးရမိတဲ့ နိုင်ငံခြားသားတွေရဲ့အခြေအနေ အသေးစိတ်ကိုသိရှိနိုင်ဖို့ (MNDAA) ပြောခွင့်ရသူ လီကျားဝင်းကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေဆိုခြင်းမရှိသေးပါဘူး။
၁၀၂၇ စစ်ဆင်ရေးကာလအတွင်း ရှမ်းမြောက်ဒေသ ချင်းရွှေဟော်၊ လောက်ကိုင်၊ ကွမ်လုံ၊ သိန္နီ၊ မုံးကိုး၊ ကြူကုတ် (ပန်ဆိုင်း)၊ ကုန်းကြမ်းမြို့တွေကို (MNDAA) က သိမ်းပိုက်ထားပါတယ်။