ငွေလိမ်လုပ်ငန်း နှိမ်နင်းမှုတွေကြောင့် တိုက်ပွဲဖြစ်မှာကို မြဝတီဒေသခံတွေ စိုးရိမ်

ကရင်ပြည်နယ် မြဝတီတစ်ဝိုက်က ကျားဖြန့်ဒုစရိုက်ဂိုဏ်းတွေကို ''ဇင်ယော်''စစ်ဆင်ရေးနဲ့ နှိမ်နင်းမယ်လို့ တရုတ်အစိုးရက ကြေညာထားပါတယ်။

၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့က တွေ့မြင်ရသည့် ကရင်ပြည်နယ်၊ မြဝတီမြို့ အမှတ် (၁) တံတားအနီး မြင်ကွင်း။ Citizen Photo

ထိုင်း-မြန်မာနယ်စပ်မှာ လှုပ်ရှားနေတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းမယ်ဆိုတဲ့ သတင်းတွေကြောင့် အခြေအနေတင်းမာပြီး တိုက်ပွဲတွေဖြစ်ပွားမှာ စိုးရိမ်ရတယ်လို့ မြဝတီဒေသခံတွေက RFA ကို ဇန်နဝါရီလ ၂၃ ရက်နေ့က ပြောပါတယ်။

မြဝတီမှာ စစ်ကောင်စီဌာနဆိုင်ရာဝန်ထမ်းတွေလည်းရှိပြီး သူတို့တွေပါ စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

ထိုင်း - မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီတစ်ဝိုက်က ကျားဖြန့်ဒုစရိုက်ဂိုဏ်းတွေကို ''ဇင်ယော်''စစ်ဆင်ရေးနဲ့ နှိမ်နင်းမယ်လို့ တရုတ်အစိုးရက ဇန်နဝါရီ ၂၁ ရက်က ကြေညာပါတယ်။ ''ဇင်ယော် '' စစ်ဆင်ရေးမှာ တရုတ် အပါအဝင် မဲခေါင်ဒေသတွင်း ခြောက်နိုင်ငံ ပါဝင်ပါတယ်။

ဒါကြောင့် ကရင်နယ်ခြားစောင့်တပ် (BGF) နဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA တို့ ထိန်းချုပ်နယ်မြေမှာ လှုပ်ရှားနေတဲ့ အွန်လိုင်းလိမ်လည်လုပ်ငန်းတွေကို နှိမ်နင်းတဲ့အခါ တိုက်ပွဲဖြစ်ပွားနိုင်တယ်လို့ မြဝတီမြို့က လုံခြုံရေးအရ အမည်မဖော်လိုသူ လုပ်ငန်းရှင်တစ်ယောက်က ပြောပါတယ်။

"ငွေလိမ်တရုတ်တွေကိစ္စက မြို့မှာက တိုက်ပွဲဖြစ်လာနိုင်တယ်လေ။ ဖမ်းမယ်လို့ သတင်းတွေက ပါနေတာက လက်နက်ကိုင်ခေါင်းဆောင်တွေ ပါနေတယ်လေ။ လောက်ကိုင်ဘက်တုန်းက ဒီဘက်က ကရင်လက်နက်ကိုင်ခေါင်းဆောင်တွေထက် မြင့်တဲ့သူတောင် ဖမ်းပြီး တရုတ်ကိုအပ်ရတာဆိုတော့ အဲဒီလိုဖမ်းမယ်၊ ဆီးမယ်ဆို ကရင်အဖွဲ့တွေနဲ့က တိုက်ပွဲဖြစ်ပြီပဲလေ။ မြို့က ကျေမှာပဲ၊ မြို့က အခုလည်ပတ်နေတဲ့ ဌာနဆိုင်ရာတွေလည်း ပြေးစရာမရှိဘူး။ အရပ်သားလည်း ပြေးစရာမရှိဘူး"

တရုတ်အစိုးရကတော့ “ဇင်ယော်” စစ်ဆင်ရေးကို ဒီနှစ်ထဲ ဖော်ဆောင်မယ်လို့ ပြောထားပါတယ်။

လောလောဆယ်မှာ မြဝတီမြို့ဝင်-မြို့ထွက်တွေမှာ BGF တပ်ဖွဲ့တွေက စစ်ဆေးနေတယ်လို့ မျက်မြင်အမျိုးသမီးတစ်ယောက်က ပြောပါတယ်။

"စစ်တပ်က အာရှလမ်းမှာ တိုက်ပွဲကြီး နေတယ်‌လေ။ မြဝတီ၂၇၅ တပ်မှာကတော့ စစ်တပ်က အများကြီးအထဲမှာ ရှိနေတယ်။ BGF အဖွဲ ရဲ့ မြို့ထဲ ဝင်ထွက်ဂိတ် စစ်တာမှာက တရုတ်ကျားဖြန့်ရုံက လူဆိုရင် စစ်မေးတာ ဖမ်းတာရှိတယ်။ ကျားဖြန့်ရုံတွေက ထွက်ပြေးတာတို့၊ စစ်မေးတာကို အထောက်အထား မပြနိုင်တာတို့ကို BGF ရုံးကိုခေါ်တာတို့ တွေ့နေရတယ်လေ"

ငွေလိမ်လုပ်ငန်းနဲ့ လူကုန်ကူးလုပ်ငန်းလုပ်သူတွေကို ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေ၊ မိတ်ဖက်ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ပူးပေါင်းဖြေရှင်းဖို့ရှိကြောင်း BGF နဲ့ DKBA ခေါင်းဆောင်တွေ ပြောထားပေမဲ့ အခုထိ ပူးပေါင်း ဖြေရှင်းတာမျိုး မတွေ့ရသေးပါဘူး။

BGF နဲ့ DKBA တွေရဲ့ ထိန်းချုပ်နယ်မြေမှာ လှုပ်ရှားနေတဲ့ ငွေလိမ်ဂိုဏ်းတွေနဲ့ သောင်ရင်းမြစ်ကူးဂိတ်တွေကို ထိုင်းအာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ထိုင်းစစ်တပ်က စောင့်ကြည့်နေပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org