ငါးနှစ်အတွင်း နိုင်ငံသား ၉၉ ရာခိုင်နှုန်း အလုပ်ခန့်မယ်လို့ တင်ဒါအောင် ကုမ္ပဏီတွေ ပြောဆို
မြန်မာနိုင်ငံမှာ အစိုးရက လုပ်ကိုင်ခွင့်ပြု လိုက်တဲ့ ဆက်သွယ်ရေးလုပ်ငန်း အကောင်အထည်ဖော်ပြီး ၅ နှစ်ကျော်တဲ့အခါ မြန်မာ နိုင်ငံသား ၉၉ ရာခိုင်နှုန်းအထိ အလုပ်ခန့်နိုင်အောင် ကြိုးပမ်းသွားမယ်လို့ လုပ်ငန်းလိုင်စင်ရ ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုက ပြောလိုက်ပါတယ်။
-
2013-07-11 -
-
-
မြန်မာနိုင်ငံမှာ အစိုးရက လုပ်ကိုင်ခွင့်ပြု လိုက်တဲ့ ဆက်သွယ်ရေးလုပ်ငန်း အကောင်အထည်ဖော်ပြီး ၅ နှစ်ကျော်တဲ့အခါ မြန်မာ နိုင်ငံသား ၉၉ ရာခိုင်နှုန်းအထိ အလုပ်ခန့်နိုင်အောင် ကြိုးပမ်းသွားမယ်လို့ လုပ်ငန်းလိုင်စင်ရ ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုက ပြောလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ (၂၇) ရက်နေ့က ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းတင်ဒါ အောင်မြင်ခဲ့တဲ့၊ နော်ဝေ နိုင်ငံအခြေစိုက် Telenor နဲ့ ကာတာနိုင်ငံ အခြေစိုက် Ooredoo ကုမ္ပဏီတွေက၊ နေပြည်တော် မြန်မာ့ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနရုံးမှာ မနေ့က သတင်းစာရှင်းလင်းပွဲ ကျင်းပ ရာမှာ ဆက်သွယ်ရေး ဒုတိယဝန်ကြီး ဦးသောင်းတင် က ထည့်သွင်း ရှင်းပြခဲ့တာပါ။
"ကျွန်တော်တို့ ပထမတစ်နှစ်မှာ ၂၅ ရာခိုင်နှုန်းက မြန်မာဖြစ်ရမယ်၊ ဒုတိယနှစ်မှာ ၅၀ ရာခိုင်နှုန်း၊တတိယနှစ်မှာ ၇၅ ရာခိုင်နှုန်း၊အခုက အဲဒီထက်ပိုပြီးခန့်မယ်ပြောတာ၊ ၅ နှစ်ကျော်ရင် ၉၉ ရာခိုင်နှုန်းက မြန်မာပဲဖြစ်တယ်"
ဆက်သွယ်ရေးတင်ဒါ အောင်မြင်ခဲ့တဲ့ ကုမ္ပဏီတွေဟာ ပထမအဆင့်အနေနဲ့ ပထမ(၆)လအတွင်း လူဦးရေ တစ်သန်း နဲ့ အထက်ရှိတဲ့ မြို့ကြီး (၅) မြို့က လူဦးရေ (၂၅) ရာခိုင်နှုန်းအထိ လက်ကိုင်ဖုန်းသုံးစွဲနိုင်အောင် ဆောင်ရွက်ပေးရမှာဖြစ်တယ်လို့လည်း ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ရဲ့ သတ်မှတ်ထားချက်အရ အလုပ်သမား ခန့်ထားရာမှာ ပထမနှစ်မှာ မြန်မာနိုင်ငံသား (၂၅) ရာခိုင်နှုန်း၊ ဒုတိယနှစ်မှာ (၅၀) ရာခိုင်နှုန်း နဲ့ တတိယနှစ်မှာ (၇၅) ရာခိုင်နှုန်း အထိ ခန့်ထားသွားရမယ်လို့ သတ်မှတ်ထားကြောင်း သိရပါတယ်။
ဆက်သွယ်ရေး ကုမ္ပဏီတွေကို ရွေးချယ်ခဲ့ရာမှာ တင်ဒါတင်သွင်းခဲ့တဲ့ ကုမ္ပဏီတွေအနေနဲ့ သူတို့လုပ်ကိုင် ဆောင်ရွက်ခဲ့ရာမှာ တခြားနိုင်ငံတွေမှာ သက်ဆိုင်ရာနိုင်ငံတွေ သတ်မှတ်ထားတဲ့ ဥပဒေတွေကို ဖောက်ဖျက် ကျူးလွန်မှုရှိမရှိ မဆိုတဲ့ အချက်ကို ထည့်သွင်းတွက်ချက်ခဲ့တယ်လို့ ဒုတိယဝန်ကြီး ဦးသောင်းတင်က သတင်းထောက်တွေကို ပြောပါတယ်။
Telenor ကုမ္ပဏီနဲ့ Ooredoo ကုမ္ပဏီတွေအနေနဲ့ တင်ဒါတင်သွင်းစဉ်က တင်ပြချက်တွေကို တိတိကျကျ အကောင်အထည် ဖော်ဆောင်ရွက်သွားရမှာဖြစ်ပြီး၊ ဖောက်ဖျက်မှုတွေရှိခဲ့ရင် ဒဏ်ငွေရိုက် အရေးယူမယ်လို့ သိရပါတယ်။