မြန်မာ့သဘာဝဓာတ်ငွေ့ဝင်ငွေ ပိတ်ဆို့ရေး ကရင်အဖွဲ့အစည်း ၆၇ ခု အမေရိကန်နဲ့ ပြင်သစ်သမ္မတထံ စာပေးပို့

မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့ဝင်ငွေကို ပိတ်ဆို့အရေးယူပေးဖို့ ကမ္ဘာတစ်ဝန်းက နိုင်ငံပေါင်း ၁၇ နိုင်ငံမှာရှိတဲ့ ကရင်အဖွဲ့အစည်း ၆၇ ခုက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်တို့ကို အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်တို့ကို ၂ဝ၂၁ ခုနှစ် အောက်တိုဘာလက တွေ့ရစဉ်။ Photo: AFP

မြန်မာနိုင်ငံက သဘာဝဓာတ်ငွေ့ဝင်ငွေကို ပိတ်ဆို့အရေးယူပေးဖို့ ကမ္ဘာတစ်ဝန်းက နိုင်ငံပေါင်း ၁၇ နိုင်ငံမှာ ရှိတဲ့ ကရင်အဖွဲ့အစည်း ၆၇ ခုက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန် တို့ကို အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုလိုက်ပါတယ်။

အခုဆိုရင် စစ်တပ်က အာဏာသိမ်းတာ တစ်နှစ်နီးပါးပြည့်တော့မှာ ဖြစ်ပေမဲ့ အမေရိကန်နဲ့ပြင်သစ်ဟာ သူတို့ ကုမ္ပဏီတွေကို မြန်မာစစ်တပ် ဝင်ငွေရရှိစေတဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကို ဆက်လက် အလုပ်ကိုင်ခွင့် ပြုနေတဲ့အတွက် စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း ပေးစာမှာ ဖော်ပြထားပါတယ်။

အဲဒီဝင်ငွေတွေနဲ့ မြန်မာစစ်တပ်ဟာ ဗုံးတွေ၊ လက်နက်နဲ့ ကျည်ဆန်တွေ ဝယ်ပြီး ပြည်သူလူထုကို နှိမ်နင်း နေတာကြောင့် ဒါဟာ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ဝင်ငွေ ရှာပေးတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းလိုက်ပြီးကတည်းက စစ်တပ်ရဲ့တိုက်ခိုက်မှုနဲ့ ခြိမ်းခြောက်ဖမ်းဆီးမှုတွေကြောင့် နိုင်ငံတဝန်းက လူပေါင်း ၃ သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး အဲဒီထဲမှာ ကရင်ပြည်နယ်ထဲက ပြည်သူ ၈ သောင်းခွဲအပါအဝင် တိုင်းရင်းသားပြည်နယ်တွေက အများစု ပါဝင်တယ်လို့ ဆိုပါတယ်။

အမေရိကန်နဲ့ ဥရောပသမဂ္ဂ (EU) က လက်ရှိအချိန်ထိ မြန်မာစစ်တပ်အပေါ် ပိတ်ဆို့အရေးယူမှုတွေကို ကြိုဆိုသလို စစ်ဘက်ဝင်ငွေကို စနစ်တကျ ဖြတ်တောက်ဖို့နဲ့ ပုံမှန်ပိတ်ဆို့အရေးယူမှု အသစ်တွေ ဆက်လုပ် ဆောင်ဖို့လည်း အရေးကြီးတယ်လို့လည်းဆိုပါတယ်။ ဒါပေမဲ့ စစ်တပ်အတွက် အကြီးမားဆုံး ဝင်ငွေရရှိတဲ့ အရင်းအမြစ်တစ်ခုကို အရေးယူပိတ်ဆို့ရေး ဆောင်ရွက်ဖို့ ပျက်ကွက်တဲ့အတွက် ထိရောက်မှု မရှိဘူးလို့ ဆိုနိုင်သလို ယုံကြည်ရလောက်တဲ့ မူဝါဒရွေးချယ်မှုတစ်ခုလည်း မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။

ဒါကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ကို ဝင်ငွေရအောင်လုပ်ပေးနေတဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းအပေါ် အရေးယူပိတ်ဆို့ပေးဖို့ တောင်းဆိုကြောင်းနဲ့ အဲဒီလို ဆောင်ရွက်ပေးလိုက်တဲ့ အတွက် အမေရိကန်နဲ့ပြင်သစ်နိုင်ငံတွေရဲ့ စီးပွားရေးအပေါ် သိသာတဲ့ သက်ရောက်မှု ရှိလာမှာ မဟုတ်ဘူးလို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org