လွှတ်တော် ပွင့်လင်းမြင်သာမှုရှိရေး လှုပ်ရှားမှု စတင်
ကမ္ဘာလုံးဆိုင်ရာ ဥပဒေပြုရေး ပွင့်လင်းမြင်သာမှု ရက်သတ္တ ပတ်လှုပ်ရှားမှုအဖြစ် မြန်မာနိုင်ငံမှာ ပထမဆုံးအနေနဲ့ စတင်လိုက်ပြီး လွှတ်တော်ပွင့်လင်းမြင်သာရေး ၂ဝ၁၄ လှုပ်ရှားမှုကို မနေ့က ရန်ကုန်မှာ ကျင်းပပါတယ်။
-
2014-09-20 -
-
-
Your browser doesn’t support HTML5 audio
ကမ္ဘာလုံးဆိုင်ရာ ဥပဒေပြုရေး ပွင့်လင်းမြင်သာမှု ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် မြန်မာနိုင်ငံမှာ ပထမဆုံးအနေနဲ့ စတင်လိုက်ပြီး လွှတ်တော်ပွင့်လင်းမြင်သာရေး ၂ဝ၁၄ လှုပ်ရှားမှုကို မနေ့က ရန်ကုန်မှာ ကျင်းပပါတယ်။
အခမ်းအနားမှာ ခေတ်အဆက်ဆက် လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ လွှတ်တော် ပွင့်လင်းမြင်သာမှု အတွေ့အကြုံတွေကို ဟောပြောပါတယ်။ အခမ်းအနားနဲ့ပတ်သက်ပြီး ဦးဆောင်ကျင်းပတဲ့ ပွင့်လင်းမြန်မာရှေ့ဆောင်အဖွဲ့ OMI က လူထုဆက်ဆံရေးတာဝန်ခံ ဦးဉာဏ်ဉာဏ်ထွန်းက ခုလိုပြောပါတယ်။
"လာရောက်ပြောပေးတာက သမိုင်းပါမောက္ခဟောင်း၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင်ထဲက ဦးခွန်ထွန်းဦး၊ နောက် လွတ်လပ်ရေးရပြီးတဲ့ အချိန်ကနေ ပါလီမာန်ခေတ်ကဆိုလို့ရှိရင်တော့ အဲ့ဒါနဲ့ပတ်သက်ပြီး ပြောပေးတာကတော့ ဦးသုဝေပေါ့ လွတ်လပ်ရေးရပြီး ၁၉၄၈ အချိန်ကနေပြီးတော့ ဒီ ဦးနေဝင်း အာဏာသိမ်းတဲ့အထိ"
အဲ့ဒီမှာ ဦးရဲခေါင်ညွန့်၊ ဦးမြတ်တိုးတို့ဟောပြောကြသလို လက်ရှိလွှတ်တော် ပွင့်လင်းမြင်သာမူနဲ့ ပတ်သက်ပြီး ဒေါက်တာအေးမောင်၊ ဒေါ်စန္ဒာမင်း၊ ဦးသာဝင်းနဲ့ ဒေါက်တာညိုညိုသင်းတို့ အသီးသီးဟောပြောသွားကြပါတယ်။ ဆက်လက်ပြီး ညနေပိုင်းမှာ အရပ်ဘက်အဖွဲ့အစည်းများနဲ့ ဥပဒေပြုရေး ပွင့်လင်းမြင်သာမှုခေါင်းစဉ်နဲ့ အရပ်ဘက်အဖွဲ့အစည်းများက ဟောပြောပါတယ်။
အခမ်းအနားကို ကမာရွတ်သုခလမ်း OMI ရုံးခန်းမှာ ကျင်းပခဲ့တာဖြစ်ပြီး လူ ၁၅၀ ကျော် တက်ရောက်ခဲ့ပါတယ်။
အစီအစဉ်အရ ဒီကနေ့ဆက်လက်ပြီး ဥပဒေပြုရေး ပွင့်လင်းမြင်သာမှုနှင့် လွှတ်တော်စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းများ၊ နည်းပညာ အသုံးပြုသတင်းအချက်အလက် ရရှိနိုင်မှု၊ ဥပဒေပြုရေး ပွင့်လင်းမြင်သာမှုနှင့် မီဒီယာ စတာတွေနဲ့ပတ်သက်ပြီး ဟောပြောဆွေးနွေးဖို့ရှိတယ်လို့ သိရပါတယ်။
ဒီအကြောင်းနဲ့ပတ်သက်ပြီး OMI လူထုဆက်ဆံရေးတာဝန်ခံ ဦးဉာဏ်ဉာဏ်ထွန်းကို ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာကို နားဆင်နိုင်ပါတယ်။