ရန်ကုန်ဆေးရုံကြီး ပြင်ပလူနာတွေ လသာ (၂) ကျောင်းထဲမှာ ကုသပေးမယ်လို့ကြေညာ
လာမယ့် စက်တင်ဘာ ၁၄ ရက်နေ့ကစပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနတွေကို လသာ (၂) ကျောင်းဝန်းထဲမှာ ပြောင်းရွှေ့ဖွင့်လှစ်ကုသပေးသွားမယ်လို့ ရန်ကုန်ဆေးရုံကြီးက စက်တင်ဘာ ၁၂ ရက် ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။
-
2020-09-12 -
-
-
လာမယ့် စက်တင်ဘာ ၁၄ ရက်နေ့ကစပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး အထူးကုပြင်ပလူနာဌာနတွေကို လသာ (၂) ကျောင်းဝန်းထဲမှာ ပြောင်းရွှေ့ဖွင့်လှစ်ကုသပေးသွားမယ်လို့ ရန်ကုန်ဆေးရုံကြီးက စက်တင်ဘာ ၁၂ ရက် ဒီကနေ့ သတင်းထုတ်ပြန်ထားပါတယ်။
လတ်တလောအခြေအနေအရ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာ ရာဂဏန်းရှိနေတဲ့ ရန်ကုန်တိုင်းထဲမှာ စက်တင်ဘာ ၁၁ ရက် မနေ့ကအထိ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကနေ ပိုးတွေ့လူနာ ၃၀ နီးပါးရှိနေတာကြောင့် ရေရှည်ဆိုရင် ဆေးရုံကြီးမှာ အခက်အခဲဖြစ်သွားနိုင်တယ်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရေးပေါ်ဆေးကုသမှုဌာန က ပါမောက္ခ ဒေါက်တာမော်မော်ဦးက RFA ကို စက်တင်ဘာ ၁၁ ရက် မနေ့က ပြောထားပါတယ်။
အထူးကုဌာနတစ်ခုစီမှာ လူနာ ၅၀ သာ လက်ခံကြည့်ရှုပေးမှာဖြစ်ပြီး လူနာအသစ် ပြသမယ်ဆိုရင် သက်ဆိုင်ရာဆေးရုံ၊ ဆေးခန်းတွေဆီက လွှဲစာလိုအပ်မယ်လို့ ဖော်ပြထားပါတယ်။
အစာအိမ်နဲ့ အူလမ်းကြောင်းဌာန၊ အထွေထွေခွဲစိတ်ဌာန (၂) ၊ ဦးနှောက်နဲ့အာရုံကြောဆေးကုဌာန၊ စိတ်ကျန်းမာရေးဌာန၊ ကိုယ်ဝန်ဆောင်ဆီးချိုကုဌာန၊ ဟောမုန်းရောဂါကုဌာန၊ အတက်ရောဂါကုဌာန စတဲ့ ဌာနတွေကို လသာ (၂) ကျောင်းဝန်းထဲကို ပြောင်းရွှေ့ကုသသွားမှာဖြစ်ပြီး ပြသရမယ့်နေ့ရက်တွေနဲ့ အချိန်တွေကိုပါ ပူးတွဲထုတ်ပြန်ထားပါတယ်။
ရန်ကုန်တိုင်းထဲက မြို့နယ်တွေမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့လူနာတွေ တဖြည်းဖြည်းများလာတာကြောင့် ယာယီဆေးရုံတွေ တိုးချဲ့ဖွင့်လှစ်ဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကလည်း ပြင်ဆင်နေပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၁၂ ရက် ဒီနေ့မနက် ၈ နာရီ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၂၃ ယောက် ထပ်မံတွေ့ရှိခဲ့တာကြောင့် အခုဆိုရင် မြန်မာနိုင်ငံမှာ ရောဂါပိုး ကူးစက်ခံရသူ ၂၄၄၅ ယောက်ရှိသွားပါပြီ။ ဒီအထဲမှာ ရန်ကုန်တိုင်းက အများဆုံးဖြစ်နေတာပါ။
စက်တင်ဘာ ၁၁ ရက် မနေ့က ကျန်းမာရေးဝန်ကြီးဌာနထုတ်ပြန်ချက်အရ ကိုဗစ်-19 ကုသရေးဌာန (ဖောင်ကြီး) မှာ ၈၅၁ ဦး၊ ဝေဘာဂီအထူးကုဆေးရုံကြီးမှာ ၆၉ ဦး၊ တောင်ဥက္ကလာပဆေးရုံကြီးမှာ ၅၇ ဦး၊ တပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီးမှာ ၉ ဦး၊ ရန်ကုန်ကလေးဆေးရုံကြီး၊ သင်္ကန်းကျွန်း ဆေးရုံကြီးနဲ့ မြောက်ဥက္ကလာပဆေးရုံကြီးတို့မှာ တစ်ဦးစီ ကုသပေးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။