အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက ပြန်လွတ်လာတဲ့ အိန္ဒိယနိုင်ငံသား ခြောက်ဆယ်ကျော်ရှိလာ

မြဝတီမြို့နယ်ထဲက ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေမှာ ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသား သုံးဦး ထပ်မံလွတ်မြောက်လာပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို ရောက်ရှိနေပြီလို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက စက်တင်ဘာလ ၉ ရက်နေ့ ထုတ်ပြန်ပါတယ်။

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ် ရွှေကုက္ကိုလ်မြို့သစ်ရှိ အွန်လိုင်းငွေလိမ်ဂိုဏ်းမှာ ပိတ်မိနေပြီး လွတ်မြောက်လာသည့် အိန္ဒိယနိုင်ငံသား ၁၁ ဦးအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၀ ရက်နေ့က တွေ့ရစဉ်။ Facebook/ India in Myanmar (Embassy of India, Yangon)

ထိုင်း-မြန်မာ နယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲက ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေမှာ ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသား သုံးဦး ထပ်မံလွတ်မြောက်လာပြီး ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကို ရောက်ရှိနေပြီလို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက စက်တင်ဘာလ ၉ ရက်နေ့ ထုတ်ပြန်ပါတယ်။

မဲဆောက်မြို့ကို စက်တင်ဘာလ ၇ ရက်နေ့က ရောက်ရှိခဲ့တာဖြစ်ပြီး ဩဂုတ်လကုန်ပိုင်းကလည်း အိန္ဒိယနိုင်ငံသားသုံးဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၆ ရက်နေ့က စတင်ပြီး မြ၀တီမြို့နယ် ကျားဖြန့်ငွေလိမ်လုပ်ငန်းတွေက ပြန်လည်လွတ်မြောက်လာတဲ့ အိန္ဒိယနိုင်ငံသား စုစုပေါင်း ၆၃ ဦးရှိနေပြီလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

နောက်ထပ်ကျန်ရှိနေသူတွေအတွက် ဆက်လက်ကယ်ထုတ်နိုင်ဖို့ ဆောင်ရွက်နေချိန် နိုင်ငံသားတွေအနေနဲ့ ငွေလိမ်ဂိုဏ်းတွေက အလုပ်ကမ်းလှမ်းတာတွေကို သတိရှိကြဖို့ ထပ်မံသတိပေးကြောင်း အိန္ဒိယသံရုံးက ဆိုပါတယ်။

အိန္ဒိယလူငယ်တွေကို ပစ်မှတ်ထားပြီး အလုပ်အကိုင် လိမ်လည်ခေါ်ယူမှုတွေနဲ့ ပတ်သက်လို့ အကြံပေးချက်ကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ပြီးခဲ့တဲ့ မေလ ၃၁ ရက်နေ့က ထုတ်ပြန်ထားတာပါ။

ရွှေကုက္ကိုလ်မြို့သစ်ဒေသဟာ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေ၊ လူကုန်ကူးခံရမှုတွေ၊ ငွေလိမ်ဂိုဏ်းတွေမှာ လူတွေ ပိတ်လှောင်နှိပ်စက်ခံရတာတွေ အပါအဝင် နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေကြောင့် နိုင်ငံတကာက အာရုံစိုက် စောင့်ကြည့်နေကြတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

အဲဒီဒေသကို ထိန်းချုပ်ထားတဲ့ နယ်ခြားစောင့်တပ် (BGF) ကတော့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ လုပ်ကိုင်နေတဲ့ နိုင်ငံခြားသားတွေ မေလ ၁ ရက်နေ့ကနေ အောက်တိုဘာလ ၃၁ ရက်အထိ ခြောက်လအတွင်း ထွက်ခွာဖို့ သတိပေးစာထုတ်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org