မဏ္ဍပ်မပြီးသေးတဲ့အတွက် လက်မှတ်ဖိုးပြန်ပေးဖို့ တောင်းဆို
ရန်ကုန်မြို့ ပြည်လမ်းပေါ်က Overdose သြင်္ကန်ရေကစားမဏ္ဍပ်ဟာ ဒီနေ့ထိ မဏ္ဍပ်ဆောက်လို့ မပြီးသေးတဲ့အတွက် လက်မှတ်တစ်စောင်ကို ကျပ် ၄ သောင်းခွဲ အထိ ပေးဝယ် ထားသူ ၂၀၀ ကျော်က မနေ့ညကစပြီး အဲဒီမဏ္ဍပ်မှာ ငွေပြန် ရဖို့ စောင့်နေကြပါတယ်။
-
2016-04-12 -
-
-
ရန်ကုန်မြို့ ပြည်လမ်းပေါ်က Overdose သြင်္ကန်ရေကစားမဏ္ဍပ်ဟာ ဒီနေ့ထိ မဏ္ဍပ်ဆောက်လို့ မပြီးသေးတဲ့ အတွက် လက်မှတ်တစ်စောင်ကို ကျပ် ၄ သောင်းခွဲအထိ ပေးဝယ်ထားသူ ၂၀၀ ကျော်က မနေ့ညကစပြီး အဲဒီမဏ္ဍပ်မှာ ငွေပြန်ရဖို့ စောင့်နေကြပါတယ်။
မဏ္ဍပ်စီစဉ်သူတွေအနေနဲ့ ငွေပြန်အမ်းပေးဖို့ သို့မဟုတ် တခြားရေကစားမဏ္ဍပ်က လက်မှတ်နဲ့ လဲလှယ်ပေးဖို့ ကို မြောက်ဒဂုံမြို့နယ်က ရေကစားလက်မှတ်ဝယ်ယူထားတဲ့ ကိုပြည့်စုံက ပြောပါတယ်။
"ဒီလိုအခြေအနေ ဖြစ်နေတယ်ဆိုကတည်းက ဒီတစ်ရက် နှစ်ရက်ဘယ်လိုမှ မပြီးနိုင်လောက်တော့ဘူး၊ ငါးရက်လုပ်မှာဆိုတော့ သူတို့လက်မှတ်လဲပေးရင်လဲပေး ဒါမှမဟုတ် ငွေသားအနေ နဲ့ ပြန်လဲပေးပေါ့နော်၊ တစ်ခုမဟုတ်တစ်ခု အကုန်လုံးကိုကျေနပ်အောင်လုပ်ပေးသင့်တယ်၊ ၇ ရက် သားသမီးအကုန်လုံးက ပိုက်ဆံတွေ အရမ်းချမ်းသာလို့ လာကစားတာမဟုတ်ဘူး၊ ယုံကြည်မှုကို အလွဲသုံးစားလုပ်ခံလိုက်ရတဲ့ ခံစားချက်ပေါ့နော် ဒီဟာကို Organizer တွေကို သိစေချင်တယ်ပေါ့နော်"
Overdose သြင်္ကန်ရေကစားမဏ္ဍပ်ဟာ ယခင်က ကမ္ဘာအေးဘုရားလမ်းပေါ်မှာ ဆောက်လုပ်ဖို့စီစဉ်ပြီး လက်မှတ်တွေရောင်းချထားတာဖြစ်ပါတယ်။
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်သစ် ဦးဖြိုးမင်းသိန်းက ကမ္ဘာအေးဘုရားလမ်းပေါ်မှာ သြင်္ကန်ရေကစား မဏ္ဍပ်တွေ ဆောက်လုပ်ခွင့်မပြုတော့ဘဲ မဏ္ဍပ် ၁ ခုနဲ့ ၁ ခုကြား ပေ ၁၀၀ ကွာရမယ်ဆိုတဲ့ စည်းကမ်းချက်တွေ နဲ့ ပြည်လမ်းမပေါ်က မြေနေရာရှိသူတွေကိုပဲ ခွင့်ပြုမှာဖြစ်ကြောင်း သတ်မှတ်လိုက်တာကြောင့် Overdose မဏ္ဍပ်ဟာ ပြည်လမ်းပေါ်က IBC ရှေ့မှာ မြေနေရာငှားပြီး မဏ္ဍပ်ဆောက်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီငှားရမ်းထားတဲ့ နေရာဘေးက ပိတောက်ချစ်သူ မိသားစုရေကစားမဏ္ဍပ်နဲ့ ပေ ၁၀၀ မကွာဘဲ ပေ ၅၀ လောက်ပဲ ကွာတာကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးအဖွဲ့က မဏ္ဍပ်ဆက်လက်ဆောက်လုပ်ခွင့်ကို တားဆီးလိုက်တာဖြစ်ပါတယ်။