တစ်နိုင်ငံလုံးက မဲရုံတစ်ထောင်မှာ PACE က ရွေးကောက်ပွဲ စောင့်ကြည့်မည်
ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE အနေနဲ့ နိုဝင်ဘာလ ၈ ရက်နေ့ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ တိုင်းနဲ့ပြည်နယ် ၁၄ ခုက မြို့နယ် သုံးရာနီးပါးမှာရှိတဲ့ မဲရုံ ၁၀၀၀ မှာ စောင့်ကြည့်လေ့လာရေးတွေလုပ်သွားမယ်လို့ ပြောပါတယ်။
-
သန့်ဇင်ဦး
2020-11-03 -
-
-
ရွေးကောက်ပွဲဆိုင်ရာ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE အနေနဲ့ နိုဝင်ဘာလ ၈ ရက်နေ့ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲမှာ တိုင်းနဲ့ပြည်နယ် ၁၄ ခုက မြို့နယ် သုံးရာနီးပါးမှာရှိတဲ့ မဲရုံ ၁၀၀၀ မှာ စောင့်ကြည့်လေ့လာ ရေးတွေ လုပ်သွားမယ်လို့ ပြောပါတယ်။
တစ်နိုင်ငံလုံးမှာရှိတဲ့ မဲရုံ ၄၁၀၀၀ ကျော်ထဲက နမူနာရွေးထုတ် လေ့လာစောင့်ကြည့်တဲ့နည်းစနစ်ကို အသုံးပြုပြီး မဲရုံ ၁၀၀၀ မှာ ကာလတို မဲရုံစောင့်ကြည့်သူ အယောက် နှစ်ထောင်နဲ့ စောင့်ကြည့်မှုတွေ လုပ်မှာပါ။
မဲရလဒ်စုစည်းမှုကို ကာလရှည်မဲရုံစောင့်ကြည့်သူ အယောက်ခြောက်ရာကျော်နဲ့ ၃၁၉ မြို့နယ်မှာ လုပ်ဆောင် သွားမယ်လို့ သတင်းမီဒီယာတွေကို အသိပေးထားပါတယ်။
ကပ်ရောဂါကာလဖြစ်တာကြောင့် တိုင်းနဲ့ပြည်နယ်အသီးသီးက ဖုန်းနဲ့ ဆက်သွယ်လာတဲ့ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေကို ရန်ကုန်မြို့မှာရှိတဲ့ အချက်အလက်စုစည်းတဲ့ Data Center ကနေ အချိန်နဲ့တပြေးညီ စုစည်းပြီး ရွေးကောက်ပွဲအပြီး နောက်တစ်နေ့မှာ အစီရင်ခံနိုင်အောင် ကြိုးစားသွားမယ်လို့ PACE အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ပြောပါတယ်။
PACE က စက်တင်ဘာလ ၂၈ ရက်နေ့ကနေ အောက်တိုဘာလ ၁၁ ရက်နေ့အထိ နှစ်ပတ်အကြာ ကော်မရှင်အဖွဲ့ခွဲ သုံးရာကျော်နဲ့ ကိုယ်စာလှယ်လောင်းတစ်ထောင်ကျော်နဲ့ တွေ့ဆုံခဲ့သလို ဟောပြောမှု ခုနှစ်ရာကျော်ကို စောင့်ကြည့်ခဲ့တဲ့ အချက်အလက်တွေအရ ကနဦးအစီရင်ခံစာတစ်စောင် ထုတ်ပြန်ထားပါတယ်။
ဒီအစီရင်ခံစာမှာ ကိုဗစ် - ၁၉ ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်တွေကြောင့် ပါတီတွေဟာ မဲဆွယ်စည်းရုံးရေး ကာလမှာ ကျယ်ကျယ်ပြန့်ပြန့် မဲမဆွယ်နိုင်ခဲ့သလို တောင်ကုတ်မြို့နယ်မှာ NLD ပါတီကိုယ်စားလှယ်လောင်း သုံးဦး အဖမ်းခံရတာ၊ ပါတီထောက်ခံသူတွေကြား ခိုက်ရန်ဖြစ်ပွားတာ၊ မဲဆွယ်စည်းရုံးရေးပစ္စည်းတွေ ဖျက်ဆီး ခံရတာနဲ့ မဲဆွယ်စည်းရုံးရေးဆိုင်ရာ လှုပ်ရှားမှုတွေကို အနှောင့်အယှက်ပေးခံရတာတွေရှိခဲ့တယ်လို့ ပြောထား ပါတယ်။
မဲဆွယ်ကာလအတွင်း ကော်မရှင်ထံ ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ထုံးလုပ်နည်းတွေနဲ့ မညီလို့ တိုင်ကြားမှု အများဆုံးရှိခဲ့ပြီး အကြမ်းဖက်မှုနဲ့ သက်ဆိုင်တဲ့တိုင်တန်းမှုက ၁၀ မှုရှိခဲ့တယ်လို့ PACE ရဲ့ ကနဦး အစီခံစာမှာ ဖော်ပြထားပါတယ်။