စပါးခင်းတွေ ကုမ္ပဏီက ဝင်ရောက်ဖျက်ဆီး

ရန်ကုန်တိုင်း ဒဂုံမြို့သစ် တောင်ပိုင်း ရွာသာကြီးမှာ ဒေသခံ တောင်သူတွေ စိုက်ပျိုးထားတဲ့ မိုးစပါး(၁၅) ဧကကို ဝန်းရံခ ကုမ္ပဏီနဲ့ ရဲတွေ ပူးပေါင်းပြီး ဖျက်ဆီးလိုက်တယ်လို့ တောင်သူတွေက ပြောပါတယ်။

ရွာသာကြီး ထောင်သာဇယ် ကွင်းအမှတ် (၉) မှာ ဒေသခံ တောင်သူတွေ စုပေါင်းစိုက်ပျိုးထားတဲ့ စပါးခင်းတွေကို လွန်ခဲ့တဲ့ (၃) ရက်လောက်က စပြီး ဘူဒိုဇာစက်တွေနဲ့ ဝင်ရောက်ထိုးမွှေ ဖျက်ဆီး လိုက်တာလို့ ကာယကံရှင် လယ်သမားတစ်ဦးက RFA ကို ပြောပါတယ်။

ဝန်းရံခကုမ္ပဏီက ပျိုးခင်းတွေကို လာရောက်ဖျက်ဆီးရာမှာ ယူနီဖောင်းဝတ် ရဲဝန်ထမ်းတချို့ ပါဝင်တယ်လို့ လယ်သမားတွေက ပြောပေမယ့် ဒဂုံအရှေ့ပိုင်းမြို့နယ် ရဲစခန်းကို RFA က ဆက်သွယ် စုံစမ်းရာမှာ သူတို့ ရဲစခန်းအနေနဲ့ အဲဒီလို ပါဝင်ဆောင်ရွက်မှု မရှိဘူးလို့ တာဝန်ကျ အရာရှိတစ်ဦးက ပြောပါတယ်။ ဝန်းရံခ ကုမ္ပဏီကိုလည်း RFA က ဆက်သွယ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

ဒီကနေ့အထိ ဖျက်ဆီးခံလိုက်ရတဲ့ လယ် (၁၅) ဧကအပါအဝင် ထောင်သာဇယ် အမှတ် (၉) ကွင်းမှာ ရှိတဲ့ လယ်ဧကပေါင်း (၅၀၀) ကျော်ဟာ ဝန်းရံခကုမ္ပဏီက လယ်သမားတွေနဲ့ အကျိုးတူ ပူပေါင်း စိုက်ပျိုးမယ်ဆိုပြီး ၂၀၀၈ ခုနှစ်မှာ သိမ်းယူခဲ့တဲ့ လယ်တွေဖြစ်တယ်လို့ လယ်သမားတွေက ပြောပါတယ်။

စတင် သိမ်းပိုက်စဉ်က လယ်တစ်ဧကကို ငွေကျပ် (၂)သောင်းနှုန်း နစ်နာကြေး ထုတ်ပေးခဲ့ပြီး လယ်သမားတွေကို သူတို့ လယ်မြေတွေထဲကနေ တစ်ပတ်အတွင်း ထွက်ခွာဖို့ အမိန့်ပေးခဲ့တယ်လို့ ကာယကံရှင် လယ်သမားတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org