ပဒိုမန်းရှာ အမှတ်တရ အခမ်းအနားများ ကျင်းပ
ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့ အထွေထွေအတွင်းရေးမှှုး ပဒိုမန်းရှာ ကွယ်လွန်တဲ့ ၆ နှစ်ပြည့် အမှတ်တရ အခမ်းအနားတွေကို ရန်ကုန်၊ ထိုင်းနိုင်ငံ မဲဆောက်မြို့နဲ့ ကရင်ပြည်နယ်က KNU ဌာနချုပ်မှာ မနေ့က ပြုလုပ်ခဲ့ကြ ပါတယ်။
-
2014-02-14 -
-
-
Your browser doesn’t support HTML5 audio
ကရင်အမျိုးသား အစည်းအရုံး KNU ရဲ့ အထွေထွေအတွင်းရေးမှှုး ပဒိုမန်းရှာ ကွယ်လွန်တဲ့ ၆ နှစ်ပြည့် အမှတ်တရ အခမ်းအနားတွေကို ရန်ကုန်၊ ထိုင်းနိုင်ငံ မဲဆောက်မြို့နဲ့ ကရင်ပြည်နယ်က KNU ဌာနချုပ်မှာ မနေ့က ပြုလုပ်ခဲ့ကြပါတယ်။
မဲဆောက်မှာတော့ နယ်လှည့်ကျောပိုးအိပ်အဖွဲ့ရုံးမှာ ကျင်းပခဲ့ပြီး၊ KNU ဌာနချုပ်မှာတော့ ဖယောင်းတိုင် ထွန်း ဆုတောင်းပွဲ ပြုလုပ်ကြတယ်လို့ ပဒိုမန်းရှာရဲ့ သမီးတစ်ဦးဖြစ်တဲ့ နန့်ဘွားဘွားဖန်က RFA ကို ပြောပါတယ်။
“မဲဆောက်မှာလုပ်တယ်၊ ကရင်ပြည်နယ် ကေအဲန်ယူဌာနချုပ် မှာလည်းလုပ်တယ်၊ ပြီးတော့ ရန်ကုန်မှာလည်း လုပ်တယ်၊ ကေအဲန်ယူဌာနချုပ်မှာ ဝိုင်းပြီးတော့ ဖယောင်းတိုင်ထွန်း ဆုတောင်းပွဲလုပ်တယ်၊ ပြီးတော့ ဟောပြောပွဲလုပ်တယ်၊ မဲဆောက်မှာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဒီမိုကရေစီခေါင်းဆောင်တွေကို ဖိတ်ပြီးတော့လုပ်တယ်”
ပဒိုမန်းရှာကို ၂၀၀၈ ခုနှစ် ဖေဖေါ်ဝါရီ ၁၄ ရက်နေ့ညနေ ၄ နာရီလောက်က မဲဆောက်မြို့နေအိမ်မှာ အမည်မသိ လူသတ်သမားနှစ်ဦးက ဝင်ရောက်ပစ်ခတ်လုပ်ကြံခဲ့တဲ့အတွက် ကျဆုံးခဲ့ရတာဖြစ်ပါတယ်။
သူကွယ်လွန်ပြီးတဲ့နောက် ကျန်ရစ်သူမိသားစုက အမှတ်တရအဖြစ် ပဒိုမန်းရှာဖေါင်ဒေးရှင်းကို ထူထောင်ခဲ့ပြီး ကရင်လူငယ်တွေထဲက ထူးချွန်သူကို ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု နှစ်စဉ်ရွေးချယ်ချီးမြှင့်ခဲ့ရာမှာ၊ အခုနှစ်မှာရွေးချယ်တဲ့ ၂ဝ၁၃ ခုနှစ်အတွက်ဆုကို KWO ကရင်အမျိုးသမီးအစည်းအရုံး အတွင်းရေးမှူး နော်ကညောဖောကို ချီးမြှင့်လိုက်ပါတယ်။ အဲဒီလူငယ်ဆုပေးပွဲကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက် ကရင့်တော်လှန်ရေးနေ့က ဒေးဖုနိုးရွာမှာ ပြုလုပ်ခဲ့ပါတယ်။
၂၀၁၁ ခုနှစ်တုန်းကတော့ အမေရိကန်ပြည်ထောင်စုက အင်ဒီယားနားတက္ကသိုလ်နဲ့ ပါဂျူးတက္ကသိုလ် ၂ ခု ပေါင်းထားတဲ့ IPFW တက္ကသိုလ်က ကရင်တော်လှန်ရေးခေါင်းဆောင် ပဒိုမန်းရှာကို National Equality အမျိုးသား တန်းတူညီမျှရေးဆု ချီးမြှင့်ခဲ့ပါတယ်။
လုပ်ကြံခံလိုက်ရတဲ့ KNU အထွေထွေအတွင်းရေးမှှုး ပဒိုမန်းရှာ ၆ နှစ်ပြည့် အမှတ်တရ အခမ်းအနား ရန်ကုန်မြို့မှာ ကရင်လူငယ်ကွန်ရက်အဖွဲ့က ကျင်းပခဲ့တာနဲ့ပတ်သက်လို့ အဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ စောသောကြာ ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။