စစ်ဘေးဒုက္ခသည် ကလေးငယ်တွေအတွက် ရန်ကုန်မှာ ပန်းချီဆွဲပွဲကျင်းပ

ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေက ကလေးငယ်တွေကို လက်ဆောင်ပေးဖို့အတွက် ရန်ကုန်မြို့ ကန်တော် ကြီး မျှော်စင်ကျွန်းမှာ ရန်ကုန်မြို့က ကလေးတွေစုပေါင်းပြီး ပန်းချီရေးဆွဲခဲ့ကြပါတယ်။

စစ်ပြေးဒုက္ခသည်စခန်းက ကလေးငယ်တွေကို လက်ဆောင်ပေးဖို့အတွက် ရန်ကုန်မြို့ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ဒီဇင်ဘာလ ၄ ရက်နေ့က ကလေးတွေစုပေါင်းပြီး ပန်းချီရေးဆွဲခဲ့ကြစဉ် Photo: Htet Arkar/RFA

ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည် စခန်းတွေက ကလေးငယ်တွေကို လက်ဆောင်ပေးဖို့အတွက် ရန်ကုန်မြို့ ကန်တော်ကြီး မျှော်စင်ကျွန်းမှာ ရန်ကုန်မြို့က ကလေးတွေစုပေါင်းပြီး ပန်းချီရေးဆွဲခဲ့ကြပါတယ်။

အဲဒီပန်းချီရေးဆွဲတဲ့ပွဲကို ယုံကြည်သော အနာဂတ်လို့ အမည်ပေးထားပြီး ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းနဲ့ ပန်းရဲ့လမ်း ၊ ကာတွန်းဆရာတွေနဲ့ ကျောင်းသားတွေက စုပေါင်းကျင်းပခဲ့တာဖြစ်ပါတယ်။ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်က ဒီကနေ့ပွဲရဲ့ ရည်ရွယ်ချက်ကို အခုလို ပြောပါတယ်။

“လူကြီးတွေ ငြိမ်းချမ်းရေး ကြိုးပမ်းတာလည်း ကြာပြီဗျာ၊ တခါတရံကျရင် လူကြီးတွေ မမှီချင်ယောင်ဆောင်နေတဲ့ အရာကို ကလေးတွေလက်နဲ့ ရအောင်မီအောင်ယူနိုင်တယ်လို့ ကျနော်ယုံကြည်နေတယ်ပေါ့၊ ကျနော်ယုံတာက ကလေးတွေရဲ့ စွမ်းအားကိုယုံတယ်၊ ကလေးတွေရဲ့ အနာဂတ်ကို ကျနော်ယုံတယ်၊ အဲဒါက စစ်ကိုရပ်ဆိုင်းဖို့ ကလေးတွေဝိုင်းပြီးတော့ တောင်းဆိုတာလည်းပါတယ်၊ နောက်တစ်ခုက ဒီမှာအရုပ်တွေ ပို့တာတွေ့လိမ့်မယ်၊ ဒါပေမဲ့ တကယ်တော့ အဲဒါအရုပ်တွေတင်မကဘူးဗျ၊ ကလေးတွေရဲ့ မေတ္တာတရားနဲ့ စာနာမှုကိုလည်း ကျနော်တို့ပို့ကြမှာ၊ အဲဒီ့ကလေးတွေက အပြန်အလှန်လိပ်စာတွေ ဖလှယ်ကြလိမ့်မယ်”

ရန်ကုန်မြို့က ကျောင်းသားကျောင်းသူ ကလေးတွေရဲ့ ပုံတူတွေကို ကာတွန်းဆရာတွေက ပန်းချီတွေရေးဆွဲပေးခဲ့ဲပြီး ကလေးတွေရဲ့ နာမည်တွေရေးထိုးကာ ရှမ်းပြည်က စစ်ဘေးဒုက္ခသည်စခန်းတွေက  ကလေးငယ်တွေထံ ပေးပို့ မှာ ဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် ထွက်ပြေးနေတဲ့ ပုံတွေ စစ်ဘေးဒုက္ခသည် စခန်းမှာကလေးတွေ နေထိုင်ရတဲ့ပုံတွေကို ပြသ တာတွေရှိသလို စက္ကူအရုပ်ခေါက်တာတွေ စတာတွေကို ဒုက္ခသည်စခန်းတွေဆီ ပို့ပေးမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org