ပခုက္ကူမှာ PDF စခန်းတစ်ခုစီးနင်းခံရပြီး သုံးဦးသေဆုံး၊ နှစ်ဦးပျောက်ဆုံးနေ
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ် (PDF) စခန်းတစ်ခုကို အောက်တိုဘာ ၁၀ ရက်မှာ စစ်ကောင်စီတပ် ဝင်ရောက်စီးနင်းပစ်ခဲ့တာကြောင့် PDF သုံးဦးသေဆုံးပြီး နှစ်ဦးပျောက်ဆုံးနေတယ်လို့ ပြောပါတယ်။
-
RFA Burmese
2023-10-11 -
-
-
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ် (PDF) စခန်းတစ်ခုကို အောက်တိုဘာလ ၁၀ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေ ဝင်ရောက်စီးနင်း ပစ်ခဲ့တာကြောင့် PDF တပ်ဖွဲ့ဝင်သုံးဦးသေဆုံးပြီး နှစ်ဦးပျောက်ဆုံးနေတယ်လို့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။
ပခုက္ကူ၊ မြိုင်နဲ့ ရေစကြိုမြို့နယ်အစပ်မှာရှိတဲ့ အဲဒီစခန်းကို စစ်ကောင်စီတပ်သားတွေ စီးနင်းတိုက်ခိုက်ခဲ့တာလို့ ပခုက္ကူအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့ အဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။
"မနေ့က မနက်စောစောမှာ ကိုင်းရွာမှာရောက်နေတဲ့စစ်ကြောင်းက ကျောက်ဖူးနားမှာ ရှိတဲ့ စခန်းကို ဝင်မွှေသွားတာ။ အဲစခန်းကို စီးသွားတာ။ ကျွန်တော်တို့ သုံးဦး သေဆုံးတာပဲ သိရသေးတယ်။ နှစ်ဦးကတော့ ပျောက်နေတဲ့သဘောပေါ့"
ပခုက္ကူမြို့နယ်၊ ကိုင်းရွာမှာ ပြီးခဲ့တဲ့ နှစ်ရက်ကတည်းက စစ်ကောင်စီတပ် အင်အား နှစ်ရာခန့် ရောက်နေတာဖြစ်ပြီး အဲဒီကိုင်းရွာနဲ့ မြိုင်မြို့နယ် ကျောက်ဖူးရွာအနီးမှာရှိတဲ့ စခန်းကို တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
လုံခြုံရေးအခြေအနေအရ စီးနင်းတိုက်ခိုက်ခံရတဲ့ အဲဒီစခန်းနဲ့ပတ်သက်ပြီး အသေးစိတ် ကိုတော့ ထုတ်ပြောလို့မရသေးဘူးလို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
စီးနင်းတိုက်ခိုက်ခံရတဲ့အဖွဲ့ဟာ ပခုက္ကူအခြေစိုက်အဖွဲ့တစ်ခုဖြစ်ပြီး လက်နက်ခဲယမ်းတွေ ဆုံးရှုံးခဲ့သလို သေဆုံးမှုပါရှိခဲ့တာလို့ ရေစကြိုမြို့နယ်အခြေစိုက် ပြည်သူကာကွယ်ရေး အဖွဲ့တွေက RFA ကို ပြောပါတယ်။
လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်သားတွေဟာ ကိုင်းရွာဘက်ကို ပြန်ဆုတ်ခွာ သွားပြီလို့ ဆိုပါတယ်။
စစ်ကောင်စီသတင်းတွေ ဖော်ပြနေတဲ့ တယ်ဒီဂရမ်ချန်နယ်တွေမှာတော့ ဒီနယ်မြေ ရှင်းလင်းမှုမှာ PDF လေးဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ စစ်ကောင်စီရဲ့ မကွေးတိုင်းပြောခွင့်ရသူ တိုင်းအတွင်းရေးမှူး ဦးသန်းဆွေဝင်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားခြင်းမရှိပါဘူး။